အချစ်ကို စတင်တွေ့ရှိခြင်း အပိုင်း ( ၂ )
မောင်ဇော်ဦး ရေးသည်။
နောက်တော့ ရီးစားစကား ပြောဖြစ်တယ်ပေါ့၊ ပြောဖြစ်တာက ဒီလို၊ မမတို့ အပြန် အနောက်က တကောက်ကောက်လိုက်နေရာက မလျှာရှည် ကြောင့်ဘဲပေါ့။သူတို့က အနောက်က လိုက်လာတဲ့ ကျနော်တို့ (မှတ်မှတ်ရရ အဲဒီနေ့က ကျနော်နဲ့ နောက်ဘော်ဒါတယောက်၊ ၂ ယောက်ထဲလိုက်ဖြစ်တာ) ကိုစောင့်ပြီး ကိုဇော် စက်ဘီး ပေးစီးမလား ဆိုပြီး မေးတယ်။
လမ်းကလဲ လူရှင်းတယ်၊ ကျနော်ကလဲ ရပါတယ် ဆိုတော့ သူ့ ဆွဲခြင်း (သူတို့က ထမင်းချိုင့်တွေ တိုလီမုတ်စလေးတွေ ထည့်ထားတဲ့ ပလပ်စတစ် ဆွဲခြင်း အသေးစားလေး တယောက်တလုံးနဲ့) ကို မခစ်ခစ်ကို ပေးပြီး ကျနော့်စက်ဘီး တက်စီးရော။
ကျနော့်စက်ဘီးက ယောက်ကျားစီး၊ မူလလက်ဟောင်းလွယ်လေး၊ ဖင်ထိုင်ခုံကလဲ နဲနဲမြှင့်ထားသေးတယ်၊ သိပ်အမြင့်ကြီးတော့ မဟုတ်ဘူး၊ မလျှာရှည်ကလဲ မမလောက် အရပ်မမြင့်ပေမဲ့ မဆိုးလှဘူး၊ ဟို သူ့အထွာနဲ့ သူတော့ ကြည့်လို့ ရှု့လို့ အဆင်ပြေသား၊ ရုပ်ရည်ကလဲ မဆိုးပါဘူး။
ဆံပင်ဂုတ်ဝဲလေးနဲ့ အောက်နှုတ်ခမ်းက ခပ်ထူထူလေး၊ အသားအရေကလဲ ခပ်လပ်လပ်ပါဘဲ၊ မမ နဲ့ ယှဉ်လိုက်ရင်တော့ မှိန်သွားတာပေါ့၊ သူတို့ ၃ ယောက်ထဲမှာ မခစ်ခစ်ကတော့ အမှိန်ဆုံးပေါ့၊ တကယ်တမ်းတက်စီးတော့ ခြေနင်းကိုမှီတယ်ဆိုရုံလေး၊ မမှီ့တမှီပေါ့၊ မဆိုးပါဘူး သူ့ကြည့်ရတာ စီးတာတော့ ကျွမ်းသား။
အဲဒါ ရှေ့ကို နဲနဲစီးလိုက်၊ ကွေ့ပြီးပြန်လှည့်လာလိုက်နဲ့၊ ပတ်စီးနေတာ၊ ကျန်တဲ့ ကျနော်တို့က လမ်းဆက်လျှောက်တော့ တဖွဲ့တည်းလို ဖြစ်သွားတာပေါ့၊ အဲဒါ ခန နေတော့ ကျနော့် ဘော်ဒါက နဲနဲ ကြောင်တောင်တောင် ဖြစ်လာလို့နဲ တူပါတယ်။ဟေ့ကောင် ငါလစ်တော့မယ် ဆိုပြီး သူ့စက်ဘီး နဲ့ သူလစ်ရော၊ တားချိန်တောင် မရလိုက်ဘူး၊ ကျနော် တယောက်ဘဲ ကျန်တာပေါ့၊
အဲဒီမှာ မခစ်ခစ် လဲ စိတ်ပါလာတယ်ထင်ပါရဲ့၊ ဟိုက ပတ်ပြီး ပြန်လှည့်အလာ အနားရောက်တော့ မလျှာရှည်ကို ဟဲ့ ငါ့ကို တင်စီးမလား ဆိုပြီး လှမ်းမေးတယ်၊ အဲဒါ မလျှာရှည်က လာ ဆိုပြီး လက်တဖက်ကိုလွှတ်လို့ သူတက်လို့ ရအောင် လမ်းဖွင့်ပေးတယ်။
ကျနော့်စက်ဘီးက အနောက်က ကယ်ရီယာမပါဘူး၊ စိုင်းထီးဆိုင် စက်ဘီး၊ ဟိုကောင်မလေးက ပြေးပြီး မလျှာရှည် နင်းနေတဲ့ စက်ဘီး ရှေ့ဘားတမ်းပေါ် စွေ့ကနဲ ခုန်တက်လိုက်တယ်။ဟုတ်လို့၊ ဒါတောင် လက်တဖက်က ဆွဲခြင်း ၂ လုံး ပူးကိုင်ထားသေးတယ်၊ တကယ့်စီးနေကျ၊ မလျှာရှည် က အော်သွားတယ်၊ ငါတို့ XXXX (လမ်းနာမည်) လမ်းထိပ်မှာ စောင့်မယ် ဆိုပြီး၊ အဲဒါ မမနေတဲ့လမ်း။
ကျနော်နဲ့ မမ ၂ ယောက်တည်း ကျန်တာပေါ့၊ အဲဒီ အခွင့်အရေးကို အသုံးမချရင် ကျနော်လောက် စောက်သုံး မကျတဲ့ ကောင်ရှိအုံးမလား၊ ပြီးတော့ မမ တို့ လမ်းထိပ်ကလဲ ရောက်တော့မယ်၊ ဒီတော့ ကီသွင်းလိုက်ပြီး
“မမ”
မမ ဘာမှ ပြန်မပြော၊ သူလဲ သဘောပေါက်မှာပေါ့၊ ကျနော် ဘယ်ဇတ်ကတော့မယ်ဆိုတာ။
“မမကို ကျနော် ပြောချင်နေတာကြာပြီ သိလား”
သိမှာပေါ့၊ သူကတော့ သိတယ်ဘယ်ပြောမလဲ၊ မပြောဆို ဘာမှကို ပြန်မပြောဘူး၊
“မမ ကို ချစ်တယ်”
မျက်စိမှိတ်ပြီး ပြောချလိုက်တယ်၊ ဒါလဲ ဘာမှ ပြန်မပြောဘူး၊ ခနစောင့်သေးတယ်၊ ပြီးမှ
“မမ၊ မမ”
ဘာမှ ပြန်မပြောတော့ ၂ ခါလောက် ဆင့်ခေါ်လိုက်တယ်၊ ဒီတော့မှ သူက လှည့်ကြည့်တယ်။
“မမ ပြောလေ”
“ဘာပြောရမလဲ”
“မမ ကိုကျနော် စောစောက ရီးစားစကားပြောတာလေ အဲဒါ အဲဒါ မမက . . .”
“မမ မှရီးစား မထားချင်တာ”
ပြန်ပြောတဲ့ ပုံကတခါတည်းဘဲ မင်္ဂလာ တန်းဆောင်ရတော့ မလိုလို၊ ဒါပေမဲ့ မမ ပြောတာ ဒီသဘောတော့မဟုတ်ဘူး။
“အာ”
“မမ သိပါတယ်၊ ကိုဇော် တနေ့ မမကို ပြောမယ်ဆိုတာ”
မမက ကျနော့ကို မလျှာရှည် ခေါ်သလို ကိုဇော်လို့ဘဲ ခေါ်တာ။ အမြဲတော့ မဟုတ်ဘူး၊ မလွဲမသွေ နာမည် ထည့်ပြောရမယ့်အခါမျိုးပေါ့၊ ကျနော့်လို တချိန်လုံး မမ မမ ဆိုပြီး ထည့်ထည့်မပြောဘူး။ တတ်နိုင်သမျှ နာမည်မခေါ်ဖြစ်အောင် ရှောင်တယ်၊ မမ ကဘဲ ဆက်ပြောတယ်။
“မမ တို့ ဒီလိုဘဲ ခင်ခင်မင်မင် နေရင် မကောင်းဘူးလား”
“ဘာလဲ မမက ကျနော့် ကို မချစ်နိုင်လို့လား”
“မမကမှ ရီးစားမထားချင်တာ၊ ထားလို့လဲ မဖြစ်ပါဘူး၊ ပြီးတော့ ကိုဇော်က မမထက်လဲငယ်တယ်”
မမက မချစ်နိုင်ဘူးလဲ မဟုတ်ဘူး၊ အဖြေလဲ မပေးဘူး၊ မမ စဉ်းစားအုံးမယ်လဲ မပြောဘူး၊ ဝေ့လည်ကြောင်ပတ်နဲ့၊ ကျနော်လဲ အဖြေကို မရမက မတောင်းတတ်ဘူး။လက်တွေ ဘာတွေ ဆွဲပြီး မရဘူး မရဘူး အဖြေရမှ လွှတ်မယ်တို့ ဘာတို့၊ လဲ မလုပ်တတ်ဘူး၊ ခုများနဲ့တော့ ကွာပ၊ ဒါနဲ့ဘဲ မမတို့ လမ်းထိပ်ရောက်ရော။
လမ်းထိပ်ရောက်တော့ မခစ်ခစ်က မရှိတော့၊ သူ့ ဦးလေးနဲ့ လမ်းကြုံ လိုက်သွားပြီတဲ့၊ အဲဒါ ကိုဇော့်စက်ဘီးနဲ့ လိုက်ပို့ ဆိုပြီး ကျနော့်ကို မလျှာရှည်က ပြောရော၊ မမရှေ့မှာတင်၊ မမကတော့ အေးအေးဆေးဆေးဘဲ၊ မမ သွားတော့မယ်ဆိုပြီး သူ့ဖာသာသူ သူ့ အိမ်ဘက် ဆက်လျှောက်သွားတယ်။
မမပုံစံက စောစောက ရီးစားစကားပြောခံထားရပေမဲ့လဲ ထူးထူးခြားခြား ဖြစ်မနေဘူး၊ ပုံမှန်ဘဲ၊ ကျနော်ကသာ စောစောကလဲ အရဲစွန့်ပြီး ပြောလိုက်ရ၊ အဖြေကလဲ ပြန်မရဆိုတော့ ရင်တွေဘာတွေ တုန်ပြီး စိတ်ထဲက တခုခု အလိုမကျဖြစ်နေရာက။ခု သူက အိမ်ပြန်ပို့ပေးလာပြောတော့ စိတ်ထဲက နဲနဲတော့ ညစ်သွားတယ်၊ မပို့ချင်လို့တော့ မဟုတ်၊ ကျနော် တသက်နဲ့ တကိုယ် မိန်းခလေး တယောက်ကို တခါမှစက်ဘီးပေါ်တင် မနင်းဘူးတာ။
မမ နောက် ဓါတ်တိုင် တတိုင်အကွာလောက်ကတောင် တကောက်ကောက် တယောက်တည်း မလိုက်ရဲတဲ့ဟာ၊ ခု မလျှာရှည်ကို တင်နင်းဘို့တောင် ခပ်ရှက်ရှက်၊ ဒီနေ့ ဘယ်လိုဖြစ်နေမှန်းမသိဘူး၊ အဆင်မပြေတာချည်းဘဲ၊ ဒါနဲ့ဘဲ မလျှာရှည်ကို
“နင်ကလဲ စောစောက တခါတည်း လိုက်သွားတာမဟုတ်ဘူး”
“လိုက်လို့ မရလို့ပေါ့၊ သူ့ ဦးလေးလဲ စက်ဘီးနဲ့၊ ဘာလဲ ကိုဇော်က မပို့ချင်ဘူးလား၊ ကိုယ့်ဖာသာကိုယ်ဘဲ လျှောက်သွားလိုက်တော့မယ်”
သူက ဒီလိုလာပြောတော့ သွား သွား လျှောက်သွားဆိုပြီး ပစ်ပစ်ခါခါ ပြောလိုက်လို့ ဘယ်ဖြစ်မလဲ၊ သူ ကူညီထားတာတွေလဲ ရှိတဲ့ဟာ။ ပြီးတော့လဲ ဘော်ဒါလိုဖြစ်နေတာဆိုတော့၊ လေသံဖျော့လိုက်ပြီး
“မဟုတ်ပါဘူးဟ၊ တခါတည်း နင်ကလဲတမျိုး”
“ဘာ တမျိုးလဲ၊ မပို့ချင်လဲနေ”
“ပို့ပါမယ် ဆိုမှ၊ ကဲလာ၊ ခုန်တက်တတ်တယ်မို့လား”
“အင်း”
ပြောပြောဆိုဆို စက်ဘီးပေါ်လွှားကနဲတက်လိုက်ပြီး သူ တက်လို့ရအောင် လက်တဖက် လွှတ်ပေးလိုက်တော့ သူလဲ စောစော မခစ်ခစ်လို ပြေးလိုက်လာပြီး စွေ့ကနဲ ခုန်တတ်လိုက်တယ်၊
စက်ဘီးပေါ်လဲ ရောက်ရော မိနစ်မဆိုင်း မလျှာရှည်ကတော့ စပြီ၊
“ဘယ်လိုလဲ အဆင်ပြေလား”
“ဘာကိုလဲ”
သူဘာမေးတယ်ဆိုတာ သိသိကြီးနဲ့ ကျနော်က မသိသလို ပြန်လုပ်လိုက်တော့ သူ့လက်တဖက်နဲ့ စက်ဘီး လက်ကိုင် ကိုင်ထားတဲ့ ကျနော့်လက်ကို ဖတ်ကနဲ ရိုက်ပြီး
“ဘာ ဘာကိုလဲ လဲ၊ စောစောက အမနဲ့ကိုပြောတာ”
မိန်းမချင်း တူပေမဲ့ စကားပြောရတာ ပုံစံချင်းကိုမတူဘူး၊ မလျှာရှည်နဲ့က ပြောလို့ကောင်းပေမဲ့၊ မမ နဲ့ကျတော့ အဲလို မဟုတ်ဘူး၊ ပါးစပ်က မလျှာရှည်နဲ့ ပြောသလို သိပ်ပေါ့ပေါ့ပါးပါးမရှိဘူး။ ကျနော်လဲ မနေနိုင်ဘူး၊ သူက အခြေအနေ အကုန် သိနေတဲ့သူဆိုတော့ အမှန်အတိုင်းဘဲ ပြောလိုက်တယ်။
“ငါပြောလိုက်ပြီ”
“ရီးစားစကားလား”
“အင်း”
“အမက ဘာပြောလဲ”
“ဘာမှ မပြောဘူး၊ အဖြေလဲ မပေးဘူးဟ”
“ထင်သားဘဲ၊ အမက ဒါတွေ စိတ်မဝင်စားဘူးလို့ အစကတည်းက ပြောထားတဲ့ဟာ”
“နင် သူ့ကို မမေးကြည့်ဘူးလား ငါ့အပေါ် ဘယ်လိုသဘောထားလဲ ဆိုတာ”
“အင်း မေးကြည့်တယ်”
“ဘာပြောလဲ”
“ကိုဇော်က ခင်ဘို့တော့ ကောင်းပါတယ် တဲ့၊ ဒါဘဲပြောတယ်”
“ငါ့ကို ချစ်ရောချစ်လားလို့ မမေးကြည့်ဘူးလား”
“ဟာ အဲလိုတော့ ပေါ်တင်ကြီး မမေးပါဘူး၊ ဘယ်ကောင်းမလဲဟ”
“မေးကြည့်တာ မဟုတ်ဘူး”
“ကိုယ့်ဖာသာကိုယ်မေးပါလား”
“နင်ကလဲ ဒါလေးတောင် အားမကိုးရဘူးလား”
အဲလိုစကားသာပြောနေတယ်၊ သူနဲ့ကျနော်က တကယ့်ကို နီးနီးကပ်ကပ်၊ သူကလဲ ကျနော်တို့ ယောက်ကျားလေးတွေ ဘားတန်းထိုင်စီးသလို တထောင်နဲ့ လက်ကိုင်ကို ထောက်၊ ခါးနဲနဲကိုင်းပြီး မျက်နှာကို ရှေ့ဘက်လှည့်လို့ သက်တောင့်သက်သာ ပုံစံမျိုးမဟုတ်။ ခါးကို မတ်ပြီး မျက်နှာက ရှေ့ကိုမကြည့်ဘဲ ကျနော့် ဘက်လှည့်စကားပြောနေတာဆိုတော့ သူ့ မျက်နှာနဲ့ ကျနော့် မျက်နှာက နီးနီးကပ်ကပ်။
နောက်ပြီး ကျနော်က အပေါ်စီးက ကိုဖြစ်နေတော့ သူ့ အင်္ကျီက လည်မဟိုက်ပေမဲ့ တချက်တချက် ဟသွားတဲ့အခါ ဘော်လီ အနားစတောင် လှမ်းမြင်နေတဲ့ အခြေ၊ ပုံစံက လူချင်းမထိဘဲ သူက ကျနော့်ရင်ခွင်ထဲရောက်နေတဲ့ပုံ။ဒီထက်ဆိုးတာက စက်ဘီးနင်းနေတဲ့ ကျနော့် ခြေထောက်က သတိထားပြီး မထိအောင် ကားနင်းပေမဲ့ တချက် တချက် သူ့တင်ပါးနဲ့ ကျနော့်ဒူး သွားသွားပွတ်နေသေး။
သူ့ နေရာ မမသာဆို ဘယ်လိုနေမယ်မသိ၊ ခု ဘာမဆိုင် ညာမဆိုင် နီးနီးကပ်ကပ်ဖြစ်နေတော့ လူက အခွင့်အရေး ယူချင်လာတယ်၊ စိတ်ထဲက ဟို ကက မလေးနဲ့ အီစီကလီ ဖြစ်ခဲ့သလိုမျိုး စိတ်မျိုးဖြစ်လာတယ်။သူစိတ်ထဲ ဘယ်လိုရှိမလဲတော့ မသိ၊ ကျနော့်စိတ်ထဲကတော့ ကျလိ ကျလိ နဲ့ ပိုင်စိုးပိုင်နင်း ထိချင်စိတ် ဖြစ်နေတာတော့ အမှန်။ ဒါနဲ့ဘဲ တင်ပါးသွားသွားထိနေတဲ့ ခြေထောက်က အထိစိပ်လာတယ်၊
“ဖူး မောတယ်၊ ရီးစား တယောက်လောက် ရဘို့မလွယ်ပါလား”
“ဘယ်လွယ်မလဲ၊ ရီးစား မထားချင်တဲ့သူကို သွားကြိုက်တာကိုး”
“ဘယ်သိမလဲဟ၊ နင်ရော ရီးစားရှိလား”
“အိုး မရှိပါဘူး”
“ဟေ့ တကယ်လား၊ ငါ့ကို မလိမ်နဲ့နော်”
“လိမ်စရာလား၊ ရှိရင် ဒီလို ကိုဇော်နဲ့ စက်ဘီးတောင် လိုက်မစီးဘူး၊ သူ့ လာကြိုခိုင်းမှာပေါ့”
“ဒါဆိုလဲ ရီးစားထားလိုက်ဟာ၊ ဘယ်သူလဲ နင့်ကို ကြိုက်တဲ့သူ မရှိဘူးလား”
“ရှိတာပေ့ါ၊ သူတို့ကိုမကြိုက်ပါဘူး၊ အလကားကောင်တွေ”
“ဒါဆို နင်ကြိုက်နေတဲ့သူ ရောရှိလား”
“ဘယ်သိမလဲ၊ မပြောပါဘူး”
“ဟဲ ဟဲ ငါသိတယ် ငါသိတယ်၊ နင် ငါ့ သူငယ်ချင်း အောင်ကျော်ကို ကြိုက်နေတာမှုတ်လား”
“ဘယ်က အောင်ကျော်လဲ သိတောင် မသိဘူး”
“ဘာမသိဘူးလဲ၊ နင့်ကို စကားပြောပြောနေတဲ့ ကောင်လေ”
“ဟွန့် ဝေးသေး ပုံစံက စာကလေးလိုလို ဘာလိုလို”
“ဒါဆို ဘယ်သူလဲ၊ ငါ့ သူငယ်ချင်းတွေထဲကလား”
“မပြောပါဘူးဆို”
“ဟို ဟို နင့်အိမ်ဘေးက မင်းဝင်းထွန်း၊ ဟုတ်တယ်မို့လား”
“ကိုဇော်နော် ကိုဇော် ဘာတွေ လာပြောနေတာလဲ၊ သူ့လဲ စိတ်မဝင်စားဘူး၊ ဟိုက ကြားသွားလို့ နေရင်းထိုင်ရင်း ဘဝင်တက်နေအုံးမယ်”
“ဟဲ ဟဲ ဒါဆို သေချာပြီ၊ သေချာပြီ”
“ကိုဇော်နော် မဟုတ်ပါဘူးဆို”
အဲဒီမှာဖြစ်ချင်တော့ သူက ကျနော့်ဘက်လှည့်ပြီး အတင်းငြင်း၊ ကျနော်က မလျှာရှည်ကိုဘဲ ငုံ့ကြည့်ပြီး စနေတော့ စက်ဘီးက ဘိုးတော်ဘုရား လက်ထက်တည်းက ခင်းထားတဲ့လမ်းပေါ်က ချိုင့်ထဲကို ကျပြီး
“ဒုတ်”
“အိုး”
“အ”
သူ့ နဖူးနဲ့ ကျနော့် မေးစေ့ ဆောင့်မိပါရော၊ ရုတ်တရက်ဆိုတော့ ပါးစပ်က အ ကနဲ အသံထွက်လို့ မေးစိကို လက်နဲ့ ပွတ်မိတာပေါ့၊ မလျှာရှည်က ကျနော် လက်နဲ့ပွတ်နေတာကို ကြည့်ပြီး
“နာသွားလား” လို့ လှမ်းမေးတယ်၊
“နင်ရော” ဆိုတော့
“နဲနဲ ပါ” ဆိုပြီး သူ့ နဖူး သူလက်နဲ့ ပွတ်တယ်။ မရည်ရွယ်ဘဲ ကျနော်လဲ
“ပြစမ်း” လို့ပြောရင်း စောစောက ကျနော့် မေးစေ့ ကိုပွတ်နေတဲ့ လက်နဲ့ နဖူးပေါ် ဝဲကျနေတဲ့ သူ့ ဆံပင်ကို အပေါ်သတ်တင်ရင်း ထိသွားတဲ့ နေရာကို မှန်းပြီး လက်နဲ့ ပွတ်ပေးလိုက်ရင်း
“ငါ ချိုင့် မတွေ့လိုက်ဘူးဟ”
လို့ပြောရင်း သူ့ကို ကြည့်လိုက်တော့ ကျနော့်ကို ပြန်ကြည့်နေတဲ့ သူ့ မျက်လုံးက တမျိုးဘဲ၊ အရောင်လက်နေသလိုဘဲ၊ ရုတ်တရက် ကျနော့်စိတ်ထဲက ထိတ်ကနဲ ဖြစ်သွားတယ်။အဲဒီမှာ ခနလောက် သူနဲ့ မျက်စိချင်း ဆုံမိကြတယ်၊ အဲဒီ ခနလေး အတွင်းမှာဘဲ တခုခုကို နားလည်လိုက်သလိုဘဲ၊ ဒီကောင်မလေး ငါ့ကို ကြွေနေတာများလား၊ ဟုတ်မယ်ထင်တယ်၊ သူ ငါ့ကို ဆက်ဆံပုံက တမျိုးဘဲ။
အမြဲ အရေးပေးတယ်၊ ဟို မခစ်ခစ် လိုမဟုတ်ဘူး၊ အာ မဖြစ်နိုင်ဘူးထင်တယ်၊ သူ သိသားဘဲ၊ ငါ မမ ကိုချစ်နေတယ်ဆိုတာ၊ သူတောင် ငါ့အတွက် ကူညီနေတဲ့ဟာ၊ ငါ စိတ်ထင်တာများလား။အကြည့်ချင်းဆုံတုန်းက ငါ့မျက်လုံးလဲ သူ့လိုအရောင်လက်နေလားမသိဘူး၊ ဖြစ်နိုင်တယ်၊ ငါလဲ သူ့အပေါ်စောစောက ဖီးလ်တက်သွားတာဆိုတော့၊ သူလဲ ငါ့လိုစိတ်ထဲကသိသွားပြီလား မသိ၊ စိတ်ထဲ တောင်စဉ်ရေမရ တွေးလိုက်မိတယ်၊
“ကိုဇော့်”
ရုတ်တရက် သူခေါ်လိုက်တော့ ကူးနေတဲ့ စိတ်ကရုတ်တရက်ရပ်သွားပြီး “အင်း” ကနဲပြန်ထူးရင်း သူခေါ်တဲ့ လေသံက တမျိုးဖြစ်နေတာမို့ ရသမျှ အချိန်တွင်းလေး မဟုတ်က ဟုတ်က ထပ်စဉ်းစားမိလိုက်တယ်။ဟိုက် သူ ငါ့ကို ရီးစားစကားစပြောရင်တော့ ပြသနာ၊ ဒီကောင်မလေးက ပြောချင်ပြောမယ်၊ ပြောလို့ရတာမဟုတ်ဘူး၊ ခုတောင် သူငါ့ကို သင့်တယ် မသင့်တယ် မစဉ်းစားဘဲ စက်ဘီးနဲ့ လိုက်ပို့ခိုင်းတာ၊ ပြောရင် ငါ ဘယ်လိုပြန်ပြောရမလဲမသိ၊
“သများကို မုန့်ဟင်းခါး ဝယ်ကြွေးမလား”
အမလေး မလျှာရှည် လေသံတွေ ဘာတွေပြောင်းလို့၊ သူကလဲ သူ့ဖီးလ် နဲ့ သူပြော၊ ကျနော်ကလဲ ကျနော့် ဖီးလ်နဲ့ ကျနော်ဖြစ်နေတာ ဆိုတော့ သူ့အသံက နဲနဲ ချွဲသလိုဖြစ်နေပေမဲ့ နားထောင်လို့တော့ ကောင်းသား။ကျနော့် နားထဲ ကြားလိုက်ရတာ သများ တဲ့၊ သူများလို့ သူ့ကိုသူပြောတာဖြစ်မယ်၊ သူပြောတာနဲ့ ကျနော့်တွေးတာ တခြားဆီဖြစ်နေတာမို့ စကားက ကျနော့် ဝသီအတိုင်း ရုတ်တရက်
“ဘာလို့ကြွေးရမှာလဲ”
“အဲဒီဆိုင်က မုန့်ဟင်းခါးက စားကောင်းတယ် ကိုဇော်ရ၊ ကိုဇော် စားဘူးလား၊ ကိုဇော့်ကို ကြွေးချင်တာ ပိုက်ဆံမရှိလို့”
“ဘာမှလဲ မဆိုင်ဘူး၊ ဒါဆို ဘာလို့ ဝယ်ကြွေးမလား လို့မေးလဲ”
“အိုး ပိုက်ဆံမရှိလို့ပါဆို၊ သများကို ဝယ်ကျွေးရင်း ကိုဇော်လဲ စားပေ့ါ၊ နောက် လခ ထုပ်ရင် ပြန်ဝယ်ကျွေးမယ်လေ”
ပြောပြော ဆိုဆို မလျှာရှည်က ကျနော့် အင်္ကျီရင်ဘတ်က ပြုတ်နေတဲ့ ကျယ်သီးကို သူ့လက်တဖက်နဲ့ လာတပ်ပေးတယ်၊ ဘာစိတ်ကူးပေါက်လဲမသိဘူး၊ အမှန်က ပြုတ်နေတာ မဟုတ်ဘူး။
တမင်ဖွင့်ထားတာ၊ စတိုင် သဘောပေါ့၊ သူ့ လက်တဖက်က ဆွဲခြင်းလဲ ကိုင်၊ ပြီးတော့ စက်ဘီးလက်ကိုင်ကိုလဲကိုင် ၂ ခုပူးပြီး ကိုင်ထားရတာ ဆိုတော့ အားနေတာက လက်တဖက်တည်း၊ ဒီတော့ ကျယ်သီးပေါက်ထဲ မဝင် ဝင်အောင် နဲနဲ အချိန်ယူရတာပေ့ါ။ကျနော် သူကျယ်သီး တပ်ပေးနေတာ ရုတ်တရက် ငုံ့ကြည့်ပြီး သူ့ကို မုန့်ဟင်းခါး ဝယ်ကြွေးချင်စိတ် တချက်တည်း ပေါ်သွားတယ်၊ အစကတည်းကလဲ ကြွေးချင်ပါတယ်၊ ယောက်ကျားဆိုတော့ လာ ကြွေးမယ် တခါတည်း မပြောချင်လို့ ဟန်လုပ်နေတာ။
“အင်း ကြွေးမယ်၊ ငါလဲ ဘိုက်ဆာပြီ၊ ဘယ်မှာလဲ နင့်ဆိုင်”
“တကယ်လား၊ ဒါဆို သများတို့ လမ်းကမချိုးနဲ့ နဲနဲဆက်သွားလိုက် နောက်တလမ်းထဲမှာ၊ အပြန်ဆို အဲဒီ ဆိုင်ဘေးလမ်းက ဖြတ်ပြန်လာလို့ ရတယ် နီးနီးလေး”
ပြောပြောဆိုဆို သူ့ကြယ်သီး တတ်တဲ့ အလုပ်ပြီးသွားတယ်၊ ကျနော်က သူတတ်ပြီးသွားတာ ထပ်ငုံ့ကြည့်ပြီး
“အဲဒီ ကျယ်သီးက တမင်ဖြုတ်ထားတာဟ၊ ပြန်ဖြုတ်ပေး”
“သွား . . စောစောကတော့ မပြောဘူး”
ဆိုပြီး မျက်စောင်းထိုးသလို စွေကြည့်ပြီး သူ့လက်နဲ့ ကျနော့် ရင်ဘတ်ကို ဖွဖွလေး ရိုက်တယ်၊ ကျနော်က ပြုံးရင်း မေးစိကို ငေါပြီး မော့ပြီး စွေကြည့်နေတဲ့ သူ့နဖူးကို ငုံ့တိုက်လိုက်တယ်။စောစောက မတော်တဆ တိုက်မိသလိုမျိုး၊ သူက မရှောင်၊ ဇက်ကလေး ပုပြီး နဖူးနဲ့ ခံတယ်။ နောက် ဘာမှလဲ မဆိုင်ဘဲ ၂ ယောက်သား ဟက်ဟက်ပက်ပက် ရယ်မိတယ်။ ကျနော့် စိတ်ထဲ မမတောင် ဘယ်ရောက်သွားမှန်းမသိ။
မုန့်ဟင်းခါး စားလိုက်လို့လားမသိ၊ စောစောက ဘာလိုလို ညာလိုလိုနဲ့ တက်နေတဲ့ ဖီးလ်၊ တခါတည်း မုန့်ဟင်းခါးနဲ့ အတူ ဘိုက်ထဲပြန်ဝင်သွားတယ်၊ အခြေအနေက ပုံမှန် ပြန်ဖြစ်သွားတယ်။ ကျနော့်ဘက်က ပြောတာပါ၊ သူ့ဘက်ကတော့ ဘယ်သိမလဲ၊ သူက ကျနော့်ကို ကြွေနေရင်တော့ တမျိုးပေါ့၊ ဒါမှမဟုတ် သူလဲ ကျနော့်လိုဘဲ နီးနီးကပ်ကပ် ရုတ်တရက် ဖြစ်သွားပြီး စိတ်ခန ပြောင်းသွားတာ ဆိုရင်တော့ သူလဲ ဘိုက်ထဲ ပြန်ဝင်သွားပြီပေ့ါ။
စားပြီးတော့ လမ်းကြားအတိုင်း စက်ဘီး တွန်းပြီး လမ်းလျှောက်ဘဲ ပြန်ခဲ့တယ်၊ အဲဒီတုန်းက အဲလိုပြန်ဝင်သွားတာကို ပျောက်သွားပြီထင်တာ၊ ငုံ့သွားတယ်ဆိုတာ ကျနော်တကယ်မသိလိုက်ဘူး၊ သိများသိရင် ဒီလိုဘယ်ဆက်ဖြစ်မလဲ၊ သူ့ အိမ်ရှေ့ရောက်တော့
“ငါ့ကို ရေတခွက်လောက်တိုက်စမ်းဟာ၊ စောစောက မုန့်ဟင်းခါးဆိုင်က သောက်ရေခွက်က ဆီတွေ ဝေ့နေတာ နဲ့ ငါမသောက်ခဲ့ဘူး”
“ထင်သားဘဲ၊ ကိုဇော် ရေခွက်ကိုင်ပြီး မသောက်ဘဲ ပြန်ချလိုက်ကတည်းက”
ဆိုပြီး သူ့ အိမ်ပေါ် ကမန်းကတမ်း သောက်ရေခတ်ဘို့ ပြေးတက်သွားတယ်၊သူက အိမ်ပေါ်ပြေးတက်ပြီး ရေခတ်တော့ ကျနော်လဲ စက်ဘီးအိမ်ရှေ့မှာ ဒေါက်ထောက်ပြီး
“ရတယ် ရတယ် ငါ့ဖာသာ ငါဘဲဝင်သောက်လိုက်တော့မယ်”
လို့ပြောရင်း အိမ်ထဲ လိုက်ဝင်လိုက်တယ်၊ သူ့ အိမ်က ရင်းနှီးပြီးသားကိုး။ ဖြစ်ချင်တော့ အိမ်ထဲမှာ ဘယ်သူမှ မရှိဘူး၊ သူ့ အမေ ဘယ်သွားနေလဲ မသိ၊ ဒီလိုဘဲဗျ၊ သူတို့ရပ်ကွက်က သူဌေးရပ်ကွက်၊ အိမ်မှာ ဘယ်သူမှ မရှိလဲ တံခါး ဟင်းလင်းဖွင့်ထားလို့ ရတယ်၊ ဘယ်သူမှ ဝင်မခိုးဘူး။ ခိုးစရာ ဘာမှ ကိုမှမရှိတာ။ငတ်ငတ်နဲ့ ရေကို ၂ ခွက်ဆင့်ပြီး ချလိုက်တယ်၊ မလျှာရှည်က အနားမှာ ရပ်ပြီး ကျနော် ရေသောက်တာ ငေးကြည့်နေတယ်၊ ကျနော်သောက်ပြီးတော့ သူလဲ သောက်ချင်လို့ စောင့်နေတာသိတာနဲ့
“ရော့ နင့် အလှည့်”
ဆိုပြီး ခွက်ကို သူ့လှမ်းပေးတော့ သူလဲ ဟန်မဆောင်နိုင်ဘဲ တခွက် ကမန်းကတမ်း ခပ်ပြီး မော့ချလိုက်တယ်၊ မိန်းခလေးဆိုတော့ ကျနော့်ကလို ဂွတ်ကနဲ ဂွတ်ကနဲတော့ ဘယ်ဟုတ်မလဲ၊ တဖြေးဖြေးဆွဲသောက်တာပေါ့။ကျနော်လဲ သူ ရေသောက်နေတာကြည့်ရင်း စောစောက ဘိုက်ထဲဝင်သွားတဲ့ ဖီးလ်က အတင်းပြန်ရုန်းထွက်လာတယ်၊ အိမ်ထဲမှာလဲ ဘယ်သူမှ မရှိဘဲ သူနဲ့ ကျနော် ၂ ယောက်တည်းဆိုတာ သိနေတာလဲ ပါတာပေါ့၊
သူလဲမော့ချလိုက်လို့လဲ ပြီးရော ကျနော်လဲ ဘယ်လိုဖြစ်လာတယ် မသိ၊ စိတ်ထဲက ဘယ်လိုမှ မထိမ်းနိုင်ဘဲ သူ့အလိုအလျှောက် ဟို ကက မလေးနဲ့ အခွင့်အရေး ရတဲ့အခါ ဖြစ်ခဲ့တဲ့ ပုံစံမျိုးအတိုင်း ဇတ်ခင်းလိုက်တယ်။သူကလဲ လိုက်လျှောနေသလိုလို ကျနော့်စိတ်ထဲကလဲ ထင်နေတာလဲ ပါတာပေါ့၊ ကျနော့် နားလာကပ်နေတာကိုး၊ ဒါနဲ့ဘဲ သူ့ခါးကို ဆွဲဖက်လိုက်တယ်။
သူလဲ ရုတ်တရက် အငိုက်မိပြီး ကျနော်ဆွဲဖက်တာ ပါလာပြီး ကျနော့် ရင်ခွင်ထဲ တန်းရောက်သွားတာပေါ့၊ နောက် ကျနော့်ကို တခုခု ပြောဘို့ ပြင်လဲပြင်လိုက်ရော ကျနော့်ပါးစပ်က သူ့ပါးစပ်နဲ့ ကပ်သွားတာဆိုတော့ သူ့ ဆီက စကားအစား ဝူးဝူး နဲ့ လေသံဘဲထွက်လာတော့တယ်။စောစောက မုန့်ဟင်းခါး စားထားတာ ဆိုတော့ သူ့ နှုတ်ခမ်းထူထူလေးကရေသောက်ပြီးတာတောင် မုန့်ဟင်းခါး အရသာမပျောက်သေး။
စိတ်ပေါက်ပေါက်နဲ့ သူ့ကိုယ်လုံးကို တင်းတင်းဖက်ပြီး အဲဒီ မုန့်ဟင်းခါး နှုတ်ခမ်းကိုခပ်ကြမ်းကြမ်းဘဲ တအားဆွဲစုတ်လိုက်တယ်၊ သူ့လက်နှစ်ဘက်ကလွတ်နေပေမဲ့ ကျနော့် ကို အတင်းမတွန်းထုတ်။ကျနော့် ပခုံးတို့ ကျောတို့ကို ကယောင်ကတမ်းနဲ့ ဟိုပုတ်ဒီပုတ်လောက်ဘဲ၊ သူ့လက်ကလဲ ရေသောက်တဲ့ စတီးခွက် ကိုင်ထားပေမဲ့ ဂွတ်ကနဲ မဆော်၊ အတင်းရုန်းတာမျိုး မဖြစ်ပေမဲ့ ဝူးဝူး ဝူးဝူး နဲ့ တချက်တချက် အသံတော့ထွက်လာတယ်၊ ဘာတွေပြောနေမှန်းမသိ။
နမ်းလက်စနဲ့ ကျနော်မလွှတ်တော့ သူ့ အရပ်က နဲနဲပုတော့ ခေါင်းငုံ့ပြီး ကုန်းနမ်းနေရတာ အားမရတာနဲ့ ဆတ်ကနဲ သူ့ကို နဲနဲမချီလိုက်တယ်၊ သူက ခြေဖျားတထောက်စာလောက်မြင့်လာတော့မှ သူ့ နှုတ်ခမ်းနဲ့ ကျနော့် နှုတ်ခမ်းကပ်နေတဲ့ ပုံစံက အဆင်ပြေသွားတယ်။ကျနော်ကလဲ ဟို ကက မလေးနဲ့ အတွေ့အကြုံက ရှိပြီးသားဆိုတော့ ဘာပြောကောင်းမလဲ၊ အပေါ်နှုတ်ခမ်းရော အောက်နှုတ်ခမ်းရော တခုပြီး တခု ဆွဲငုံလိုက် လျှာနဲ့ ကလိလိုက်ဆိုတော့ မလျှာရှည်လဲ လျှာမရှည်နိုင်တော့ဘူး။
ဝူး ဝူး အသံပျောက်လို့ အူး အူး အဲလေ အင်း အင်း လား ဟင်း ဟင်း လား အသံတိုးတိုးလေးထွက်လာတယ်၊ သူလဲ ဖီးလ်တက်လာတယ်ထင်တာဘဲ၊ ဒါတောင် လျှာ လျှာခြင်း စစ်မတိုက်ရသေးဘူး။ ကျနော်က တိုက်ဘို့ကြိုးစားပေမဲ့ သူက မတိုက်သေးတာလား မတိုက်တတ်သေးတာလား မသိ၊ ဒါပေမဲ့ သူ့လက် ၂ ဖက်နဲ့ ကျနော့် လယ်ပင်းကို သိုင်းဖက်လာတယ်၊ အဲဒီမှာ
“ဒေါက်”
“ဂွမ် ဂလပ် ဂလပ် ဂလပ်”
သူ့လက်ထဲက စတီးခွက် လွတ်ကျသွားတဲ့ အသံထွက်လာတယ်၊ ရုတ်တရက် ဆိုတော့ အိမ်ပေါ် တယောက်ယောက်တက်လာပလားဆိုပြီး ကျနော်လန့်သွားပြီး သူ့နဲ့ ကမန်းကတမ်း ခွာလိုက်တယ်၊ လူကအဲလို အသဲငယ်တာ၊ မဟုတ်မှန်းလဲ သိရော၊ ရင်ထဲ နဲနဲပေါ့သွားပေမဲ့ အသိက ချက်ခြင်းပြန်ဝင်လာတယ်။
“ဟာ ဟင်အင်း၊ မဟုတ်ဘူး မဟုတ်ဘူး၊ နင် နင် ငါ့ကို စိတ်မဆိုးနဲ့၊ ငါ ငါ ဘာဖြစ်သွားမှန်း မသိဘူး”
အဲလိုသဘောမျိုးထင်တာဘဲ၊ စကားကို ကဘောက်ထိ ကဘောက်ချာ ဘာတွေပြောလို့ ပြောမှန်း မသိပြောပြီး သူ့ရှေ့က လှည့်ထွက်လို့ တန်းပြေးတာဘဲ၊ မင်းဝင်းထွန်းဆီတောင် မဝင်အားတော့ဘဲ နင်းပြေးတာ၊ လမ်းမှာ ကားတိုက်မသေတာ ကံကောင်း။အင်း ပြောရရင် ကျနော့် နေရာမှာ တပ်ကြပ်ကြီးတို့လို ပုံစံမျိုးဆို ဂွင်ပေါ့၊ ဇတ်လမ်း တပုဒ် ဖြစ်သွားလောက်တယ်၊ ဒါပေမဲ့ဗျာ အဲဒီတုန်းက ကျနော်က ငတုံး။
ပြသနာက အဲဒီမှာ၊ မမျှော်လင့်ဘဲ မလျှာရှည်နဲ့ ဖြစ်လိုက်တဲ့ ကိစ္စက ကျနော့်အဖို့ ဘာလုပ်ရမှန်းမသိတော့၊ အဲဒီလက်ဖက်ရည်ဆိုင် တပတ်လောက် ကျနော် မျက်နှာသွားမပြရဲ၊ စိတ်ထဲက မမဆီသွားချင်ပေမဲ့ မလျှာရှည်ကို ဘယ်လို မျက်နှာချင်းဆိုင်ရမှန်း မသိ။မမကတော့ သူ့ကို ရီးစားစကားပြောပြီး ပျောက်သွားတယ်ထင်မှာဘဲ၊ ဒါမှမဟုတ် မလျှာရှည်က ကျနော်သူ့ကို ကစ်ဆင်ဆွဲသွားတဲ့ အကြောင်း မမကို ပြောလိုက်ရင်တော့ သွားပြီ၊ အဲဒါ တပတ်လုံးလုံး ဟိုတွေးဒီတွေးနဲ့ ဆေးဘဲ လှိမ့်ချနေတယ်၊
နောက်ဆုံး မနေနိုင်တော့ ဘော်ဒါအရင်း ခေါက်ခေါက်ကြီး ကိုရင်ဖွင့်ရတော့တာပေ့ါ၊ ဒီကောင်ကကျနော်တို့ ရပ်ကွက်ထဲက၊ ကျနော့်ထက်တော့နဲနဲငယ်တယ်၊ သူငယ်ချင်းဆိုလဲဟုတ်။ကိုယ်က ပေးကမ်းကျွေးမွေးထားတော့ ဘာညာ ခိုင်းမယ်ဆိုလဲ ခိုင်းလို့ရတဲ့ သဘောမျိုးနဲနဲသက်ရောက်တဲ့ ဘော်ဒါပေါ့၊ ခင်ဗျားတို့လဲ သဘောပေါက်မှာပေါ့၊ အပြင်ကတွဲနေကျဘော်ဒါမျိုးမဟုတ်ဘူး၊ သိတယ်မှုတ်လား။
ခု ကျနော်သုံးစွဲနေတာတွေက ဥပဒေနဲ့ မလွတ်ကင်းတော့ ပစ္စည်းဖန် ဘာဖန် ဆို တခါတလေသူ့ဘဲ အားကိုးရတာ၊ အဲလိုမျိုး ဘော်ဒါ၊ ပြီးတော့ ခုကိစ္စက သူများသားသမီး ပေါ်တင်ကြီး သွားနမ်းထားတဲ့ ကိစ္စ။တခြားသူ သိလို့လဲ မကောင်းဘူး။ သူနဲ့ကတော့ ကျနော့်က ဆရာလို ဖြစ်နေတော့ ကျနော် မဟုတ်တာလုပ်လဲ အိုကေလိုက်မဲ့သူ၊ ပြီးတော့ နှုတ်လဲလုံတယ်။
အဲဒါနဲ့ သူကိုခေါ်ပြီး စားသောက်ဆိုင်တခုမှာ အရက်လေး ဘာလေး ချပြီး စကားပြောကြတာပေါ့၊ အေးကွာ ငါ ဒီလို ဒီလို ဘဲဖြစ်သွားတယ်ကွာပေါ့၊ ဘယ်လိုလုပ်ရင် ကောင်းမလဲပေါ့၊ ကိုယ့်ဖာသာကိုယ် စဉ်းစားတာနဲ့စာရင် ၂ ခေါင်းပေါင်းလိုက်တာက ပိုကောင်းတဲ့ သဘောပေါ့။ဟိုပြောဒီပြောနဲ့ ရမ် တပိုင်းကုန်သွားတယ်၊ ကျနော်က ဘဲပြောတာများပါတယ်၊ သူက နဲနဲပါးပါး အကြံပေးပေါ့၊ အဲဒါ နောက်တစိတ်ထပ်မှာပြီး ဆက်ဆွေးနွေးတာပေါ့၊ အဲဒါလဲ ကုန်ရော လူကတော်တော်မူးနေပြီ။
အဲလိုမူးရင် မားကို နဲနဲကိုင်လိုက်၊ ဖီးကငြိမ်သွားတယ်ဗျ၊ ဒါနဲ့ ဒီကောင့်အိပ်ထဲမှာ ထည့်တားတဲ့ ရိုက်ထားတဲ့ ဆေးပေါ့လိပ်ကို ဖွာလိုက်ပြီး ဟေ့ကောင် သွားမယ်ကွာ မလျှာရှည်နဲ့ အရင်သွားရှင်းမယ် မင်းစက်ဘီးနင်း ဆိုပြီး မလျှာရှည် တို့ဘက်က ထွက်ခဲ့တယ်။
အရက်ကလဲ ချထား၊ မားကလဲ ပင့်ထား၊ အဲဒီအချိန်မှာ စက်ဘီးဘားတန်းပေါ် ထိုင်ပြီး စီးလာတော့ လေတဖူးဖူးနဲ့ လူကို ငြိမ့်နေတာပေါ့၊ ဝင်းမင်းထွန်းဆီရောက်တော့ သူ့ဆိုင်က အလုပ်များချိန်၊ ညနေစောင်းဆိုတော့ စာအုပ်လာငှားသူတွေ လာအပ်သူတွေ အရောက်များတဲ့ အချိန်ဆိုတော့ ခနလောက် သူနဲ့ အာလူးဖုတ်။ပါလာတဲ့ ဆေးလိပ် သူ့ကို နဲနဲမျှတာပေါ့၊ ကျနော်တို့လဲ သူနဲ့ ပေါင်းပြီး ထပ်တင်လိုက်သေးတယ်၊ နောက် သူလဲ အလုပ်ရှုတ်လာတာနဲ့ ကျနော်တို့နဲ့ အလာ သလာ မပနိုင်တော့။
အဲဒါနဲ့ ကျနော်လဲ ယောင်တောင်ပေါင်တောင်နဲ့ ဟိုဘက် ခြံကူးလာခဲ့တယ်၊ ကျနော့်ဘော်ဒါကတော့ ကာတွန်းစာအုပ် အဟောင်းတအုပ်ဆွဲလို့ အပြင်မှာချထားတဲ့ ပက်လက်ကုလားထိုင်မှာငြိမ့်နေတာပေါ့။ကျနော်နဲ့ ခပ်ယိုင်ယိုင် နဲ့ ဟိုဘက်ခြံထဲရောက်သွားပြီး မလျှာရှည်ကို အသံခပ်အုပ်အုပ်နဲ့ဘဲ လှမ်းခေါ်လိုက်တော့ ချက်ခြင်းဘဲ သူအိမ်ထဲက ပြေးထွက်လာတယ်၊ တွေ့တွေ့ခြင်း ကျနော့်ကို
“အယ် ကိုဇော် ဘယ်ပျောက်နေတာလဲ” တဲ့
ကျနော် ဘာမှပြန်မပြောပါဘူး၊ အိမ်ဘေးက ပတ်ပြီး သူ့ဝင်းထဲက ထိုင်နေကျ ခုံဆီ လျှောက်သွားတယ်၊ သူလဲ နောက်ကလိုက်လာတယ်၊ ထိုင်မိတော့
“ဆိုင်လဲမလာဘူး၊ ဘယ်ပျောက်နေတာလဲ” တဲ့ ထပ်မေးတယ်၊ မဖြေအားပါဘူး၊ သူ့ပုံကြည့်ရတာ အေးဆေးဘဲမို့ ကျနော် သိချင်တာ အရင်မေးလိုက်တယ်၊ မကောင်းတော့ မကောင်းဘူးပေါ့လေ၊
“မမ ကငါ့ကို ဘာပြောလဲ”
“ဘာမှမပြောဘူး၊ ကိုဇော်က ဘာလို့ဆိုင်မလာတာလဲ” သူလဲတိုတိုတုတ်တုတ်ဖြေပြီး သူသိချင်တာဘဲ ထပ်မေးတယ်၊
“ငါက နင်ငါ့ကို စိတ်ဆိုးနေတယ်ထင်လို့”
“ဘာကိုလဲ”
“မဟုတ်ဘူး၊ ငါ ငါ ဟိုနေ့က . . .”
“တော်ပြီ အဲဒါမပြောနဲ့တော့”
“မဟုတ်ဘူးဟ၊ နင် နင် င့ါကို အထင်လွဲမှာစိုးလို့” ဟိုက မပြောနဲ့တော့လို့ ပြောပေမဲ့ မူးမူးနဲ့ ကျနော်ထပ်ရစ်တယ်၊ သိတယ်မှုတ်လား မူးရင် နဲနဲရစ်ချင်တာ သဘာဝကိုး၊
“တော်ပါ”
“နင် ငါ့ကို စိတ်ဆိုးနေတယ် ထင်တာဟ”
“ဒါကြောင့်ဆိုင်မလာဘူးပေါ့လေ ဟုတ်လား”
“အင်း အဲဒါလဲပါတယ်၊ ပြီးတော့ ပြီးတော့ နင်က စိတ်ဆိုးဆိုးနဲ့ မမကို တိုင်ပြောလိုက်ရင် . . . .”
“ကိုဇော့် ဘာတွေလျှောက်ပြောနေတာလဲ၊ တိုင်စရာလား” ပြောပြောဆိုဆို လက်က ဖြတ်ကနဲ ကျနော့်ပေါင်ကလို လှမ်းရိုက်တယ်၊
“မသိတော့ဘူးဟာ၊ အဲဒီနေ့က ငါဘာဖြစ်သွားမှန်းကို မသိတာ”
“မသိရင်လဲ မပြောနဲ့၊ တခါတည်း အရစ်ကိုရှည်တယ်၊ ခု မူးနေတယ်မှုတ်လား၊ အရက်နံ့ကို ဟောင်နေတာဘဲ”
“နဲနဲပါ၊ နင့်ကို အဲဒါ လာရှင်းဘို့ ရဲဆေးတင်လာတာ”
“ဘာမှမဆိုင်ဘူး၊ အရင်ကလဲ သောက်နေပြီးတော့”
“အရင်ကသောက်ပေမဲ့ ခုဟာက နင်နဲ့ စကားပြောဘို့ တမင်သောက်လာတာ”
“အခု မူးနေပြီ မဟုတ်လား”
“နဲနဲပါဆို၊ မမူးပါဘူး၊ ကဲ ပြောပါအုံး၊ ငါမလာတော့ မမက နင့်ကို ဘာတွေပြောလဲ”
“ဘာမှထွေထွေထူးထူး မပြောပါဘူး”
“ဒါဆို ငါ မမဆီက အဖြေရဘို့ မလွယ်ဘူးထင်တယ်”
“အိုး ကိုဇော်ကလဲ ဘယ်သူက ချက်ခြင်း အဖြေပြန်ပေးမလဲ၊ ဆိုင်လာပြီး ခန ခန လာတောင်းပေါ့”
“ငါသိပါတယ်၊ ငါ ခန ခန လာတောင်းလဲ ရဘို့ မလွယ်ပါဘူး၊ သူ့ပုံက အေးတိအေးစက်နဲ့”
“သူက ဒီလိုဘဲလေ ကိုဇော်ကလဲ”
“အင်းပါ အင်းပါ ငါသိပါတယ်”
ခနလောက် ကျနော်တို့ ၂ ယောက်အသံတိတ်သွားတယ်၊ သူကျနော့်ကို စိတ်မဆိုးဘူးဆိုတော့ စိတ်ထဲ နေသာထိုင်သာလဲ ရှိသွားတယ်၊ မူးမူးနဲ့ ဘာရယ်မဟုတ် ခုံနောက်က တိုင်ကို ခေါင်းမှီထားရင်း မလျှာရှည် ကိုငေးကြည့်နေမိတယ်။အရင်က ဒီလောက် သတိမထားမိပေမဲ့ မလျှာရှည်က တဖြေးဖြေးလှလာသလို ကျနော့်စိတ်ထဲ ထင်လာတယ်၊ အင်း မလျှာရှည်နေရာမှာ မမ သာဖြစ်ရင် အရမ်းကောင်းမှာဘဲလို့လဲ တွေးမိလာတယ်။ ကျနော်ကြည့်နေတာကို မလျှာရှည်က ပထတော့ မသိသလိုနေရာကနေ ခနကြာတော့ မနေနိုင်ဘူးထင်ပါရဲ့။
“ဘာကြည့်နေတာလဲ”
“ငါ့မျက်စိထဲ နင်က တဖြေးဖြေးလှလာသလိုဘဲဟ”
“တော်ပါ” ရိုးရိုးမပြော ကျနော့်ကို မျက်စောင်းထိုးပြီး ပြောတယ်၊
“ဟုတ်တယ်ဟ၊ တကယ်ပြောတာ”
“ဘာမှမလှဘူး၊ အပိုတွေ လာမပြောနဲ့၊ ကိုဇော်မူးနေပြီ၊ ဟုတ်တယ်မို့လား”
“မမူးပါဘူးဟာ”
“ပြောတာဘဲ၊ ခု ခေါင်းတောင် မထောင်နိုင်တဲ့ဟာကို”
“ထောင်နိုင်ပါတယ်ဟ၊ တမင်မှီထားတာ”
ပြောပြောဆိုဆို ကျနော့်လက်က အလိုလို မလျှာရှည်လက်ကို လှမ်းကိုင်လိုက်တယ်၊ မလျှာရှည်က တချက်တွန့်ကနဲ ဖြစ်သွားပေမဲ့ မရုန်း၊ ပထမတော့ သူ့လက်ဖမိုးကို ဆုတ်ကိုင်ထားပေမဲ့ ခနနေတော့ လက်ဖဝါးချင်းပူးလို့ လက်ချောင်းတွေ အချင်းချင်းယှက်ပြီး ပိုင်ပိုင်နိုင်နိုင်ဘဲ ကိုင်ထားလိုက်တယ်။
မလျှာရှည်လဲ ကျနော့်ကို ဘာစကားမှမပြော၊ ကျနော်လဲဘာပြောရမှန်းမသိ၊ ပူးနေတဲ့ လက် ၂ ဖက်ကကျနော်တို့ ၂ ယောက်ကြားကခုံတန်းပေါ်မှာ၊ နေရောင်လဲဝင်သွားတော့ ပတ်ဝန်းကျင်မှာတဖြေးဖြေး မှောင်ရိပ်ကလဲ ပျိုးလာတယ်။နောက် ပူးကိုင်ထားတဲ့လက်နဲ့ သူ့ကိုကျနော့်ဘက် ဆွဲလိုက်တော့ သူ့ကိုယ်က ကျနော့်ဘက်ယိုင်လာတယ်၊ နောက်တခေါက် ထပ်ဆွဲမှ အလိုက်သင့် ဖင်တွန်းရွှေ့လို့ ကျနော့်နား အသားချင်းထိတဲ့အထိ ကပ်လာတယ်။
ကျနော်ကတော့မရွှေ့၊ မရွှေ့ဆို ကျနော် ခေါင်းမှီထားတဲ့ တိုင်က ဒေါင့်မှာဘဲ ရှိတာကိုး၊ မမူးဘူးသာပြောတယ်၊ ခေါင်းက သိပ်မထောင်ချင်၊ ဒီတော့မှ ကျနော်ကိုင်ထားတဲ့ လက်ကို ပေါင်ချင်းကပ်ထိုင်နေတဲ့ ကျနော်တို့ ၂ ယောက်ကြား ချလိုက်တယ်။ကျနော့် ညာဘက်နဲ့ သူ့ဘယ်ဘက် ယှက်ကိုင်ထားတာဆိုတော့ ကျနော့်လက်က သူ့ပေါင်နဲ့ထိနေပြီး သူ့လက်က ကျနော့် ပေါင်နဲ့ ထိနေတာပေါ့၊ နောက်တော့ မလျှာရှည်ခေါင်းလဲ ကျနော့် ပခုံးပေါ်တဖြေးဖြေးမှီကျလာတယ်၊
ဘာစကားမှ မပြောဘဲ ၂ ယောက်သားတော်တော်ကြာကြာဒီလိုနေနေရာက ကျနော် သူ့ကို ဟိုနေ့ကလို နမ်းချင်လာတယ်၊ ကျနော့်စိတ်ထဲက အလိုလိုသိနေတယ်၊ ကျနော့်ကို သူစိတ်မဆိုးဘူးဆိုတာ၊ ဒါနဲ့သူ့ကို တိုးတိုးလေးမေးလိုက်တယ်၊
“အဒေါ် အိမ်ထဲမှာ ရှိလား”
“အင်း ရှိတယ်၊ ဘာလုပ်မလို့လဲ” တိုးတိုးဘဲ ပြန်ဖြေတယ်။
“ရေသောက်ချင်လို့”
သဘောပေါက်တယ်ထင်တယ်၊ ပြန်မပြောဘဲ ခေါင်းကိုငုံ့ပြီး ဆုတ်ထားတဲ့ လက်ကိုမလွှတ်ဘဲ ကျနော့်ပေါင်ကို လှမ်းထုတယ်။
“တကယ်သောက်ချင်တာ”
ထပ်ပြောလိုက်တော့ သူဘာမှတော့မပြော၊ ထိုင်နေတဲ့ နေရာက အပြင်ကကြည့်မမြင်ပေမဲ့ သူ့ အိမ်ကလှမ်းကြည့်ရင် မြင်သာတဲ့ နေရာ၊ အမှောင်က ကျနေပေမဲ့ လုံးလုံးတော့ မမှောင်သေး၊
“လာ”
ဆိုပြီး ကျနော်သူ့ကို အိမ်နောက်ဘက် ဆွဲခေါ်သွားတယ်၊ မှောင်ရိပ် နဲနဲပိုကျတဲ့ ရောက်တော့ သူ့ကို ဟိုနေ့ကလို ခါးဆွဲပြီးဖက်လိုက်တော့ ရင်ချင်းအပ်သွားတာပေါ့၊
“အို့ ကိုဇော့်”
“မသိဘူးဟာ၊ နင့်ကိုကြည့်ရင်း ကြည့်ရင်းနဲ့ မနေနိုင်ဘူး”
သူဘာမှ ပြန်မပြော၊ ကျနော့် ရင်ခွင်ထဲ ခေါင်း အတင်းတိုးထားတယ်၊ ကျနော် လက်တဖက်နဲ့ သူ့ ခါးကို ဖက်ထားရင်း နောက်တဖက်နဲ့ သူ့ မေးစေ့ကို ကိုင်ပြီး ခေါင့်ကို ပင့်တင်လိုက်တော့ သူ့ ခေါင်းက မော့လာတယ်။ အဲဒီမှာ ဟိုနေ့ကလိုဘဲ နှုတ်ခမ်း ၂ ခု ထပ်သွားပြန်ရော၊ ဒီနေ့တော့ သူမုန့်ဟင်းခါး မစားထား၊ ဘာစားထားမှန်းတောင် သတိမထားမိ။
စိတ်ရှိလက်ရှိ အားရပါးရဘဲ နမ်းပြစ်လိုက်တယ်၊ လျှာချင်းတောင် ထိသွားတယ်၊ တေ့တေ့ဆိုင်ဆိုင် လျှာလျှာချင်း စိတ်တူကိုယ်တူ စစ်မတိုက်ပေမဲ့၊ ကျနော့်လျှာ သူ့ဆီတိုးဝင်သွားတိုင်းထိမိတယ် ထင်တာဘဲ။တော်တော်ကြာမယ်၊ တဝကြီးနမ်းပြီး သူ့နှုတ်ခမ်းက ကျနော့်နှုတ်ခမ်းက လွတ်သွားတော့ သူက ကျနော့် ရင်ခွင်ထဲ ခေါင်းမှီပြီး မောနေတယ်၊ ပြီးမှ တိုးတိုးလေး
“သများတို့ အကြောင်း ဘယ်သူမှ လျှေက်မပြောပါနဲ့ ကိုဇော်ရယ်” တဲ့၊
အင်းပါ၊ ပြောစရာလား ဘာညာ ဘာညာ ကျနော် ပြန်မပြောချင်၊ သူ့ကို ဖက်ထားရင်း ညိမ်ညိမ်ဘဲ နေလိုက်တယ်၊ စိတ်ထဲကတော့ မပြောပါဘူးဟာပေါ့၊ ခနေနေတော့မှ
“ငါလဲ နင့်နဲ့တွေ့မှ ဘာဖြစ်သွားမှန်းကို မသိတော့ဘူး” ကျနော့်မှာလဲ ပြောစရာ ဒီစကားဘဲရှိတယ်၊ ဟုတ်လဲဟုတ်တယ်၊ ဖြစ်တိုင်းဖြစ်တိုင်း မရည်ရွယ်ဘဲ ဖြစ်တဲ့ ကိစ္စ။
“မနက်ဖြန် ဆိုင်လာမယ် မဟုတ်လား”
“အင်း”
“သများသွားတော့မယ်၊ ဆင်းလာတာ ကြာနေပြီ၊ တော်ကြာ အမေလှမ်းခေါ်နေအုံးမယ်”
ပြောပြောဆိုဆို ကျနော့်ရင်ခွင်ထဲက ရုန်းထွက်လို့ သူ့အိမ်ပေါ်ပြေးတက်သွားတယ်။ဒီလောက်ဆို ခင်ဗျားတို့ ရိပ်မိရောပေါ့၊ ဟုတ်တယ်ဗျ၊ ခင်ဗျားတို့ ထင်တဲ့အတိုင်းဘဲ မလျှာရှည်က ကျနော့်ကို ကြွေနေတာ၊ သူလိုလူမျိုး ရှာမှရှားပေါ့၊ တကယ့်မျက်ကမ်းအချစ်၊ ကျနော်တို့ ယောက်ကျားလေးတွေလဲ ဒါမျိုးရှိပါတယ်၊ တခါတလေ တွေ့ဘူးမှာပေါ့။
ကျနော်တို့ နွား ဆိုပြီး ပြောနေတဲ့ ကောင်မျိုးတွေလေ၊ အမှန်တော့ သူ့အဖို့ နွား မဟုတ်ဘူးဗျ၊ သူလဲ သူ့ဖီးလ်နဲ့ သူပေါ့၊ အချစ်ဆိုတာ အင်မတန် ထူးဆန်းတာဗျ၊ ကိုယ်တွေ့ မကြုံရင် ဘယ်လိုမှ မယုံနိုင်ဘူး၊ ခွင့်လွှတ်ချင်လဲ သူ့အပြင်မရှိသလို၊ သူ့ကြောင့် တက်တဲ့ ပြသနာဆိုလဲ ဒုနဲ့ဒေး။ကျနော်ကတော့ ယောက်ကျားလေး ဆိုတော့ သိတယ်မှုတ်လား၊ ကိုယ့်ကို ဒီလိုလာကြွေလို့ကတော့ အကြိုက်ပေါ့၊ ယောက်ကျားလေးဘဲ ဆူးနဲ့ကောင်ဘဲ၊ ဒါမျိုးဖြစ်လို့ကတော့ အသကုန်သာယာတာပေါ့။
အပြစ်ပြောလဲပြောဗျာ၊ မတတ်နိုင်ဘူး၊ အပြစ်ပြောတဲ့သူတွေကိုတော့ ပြောလိုက်ချင်တယ်၊ ခင်ဗျားတို့ ကျနော့် နေရာမှာသာဆို ကျနော့်လို မလုပ်မိစေနဲ့ လို့ဘဲပေါ့၊ ကျနော်ကတော့ စိတ်အလိုလိုက်တတ်တယ်၊ ဒါကြောင့်လဲ မူးရစ်ဆေးကို မကောင်းမှန်းသိသိ နဲ့ သုံးနေတာပေါ့၊ ကိုယ်ကမှ မတောင့်ခံနိုင်တာ၊ ဒီသဘောပေါ့။
မလျှာရှည်လဲ ဘာထူးလဲ၊ သူ ကျနော့်ကို ကြိုက်တယ်ဗျာ၊ ကျနော်က သူ့ကို မကြိုက်ဘူး၊ အဲ အဲ ကြိုက်ဆိုတဲ့ စကားလုံးထက် ဒီနေရာမှာ ချစ် ဆိုတဲ့ စကားလုံးက ပိုထိရောက်မယ်၊ ဒီတော့ သူက ကျနော့်ကို ချစ်နေတယ်ဗျာ၊ သူ့ကိုယ်သူလဲ သိတယ်၊ ဘယ်လိုနည်းနဲ့မှ ကျနော့် အချစ် သူမရနိုင်ဘူးဆိုတာ။
ဘာလို့လဲ ဆိုတော့ ကျနော်ကမှ သူ့ကို စိတ်မဝင်စားတာ၊ ဒီတော့ သူလဲ သူ့စိတ်ဆန္ဒအတိုင်း အခွင့်အရေးရတုန်း သူက အမူအရာနဲ့ပြမယ်၊ ကျနော့် အကြိုက်လိုက်မယ်။ဒါမျိုးတွေဘဲ သူလုပ်နိုင်တာ၊ ကျနော်သူ့ကို မချစ်နိုင်မှန်း သိပေမဲ့ သူ့စိတ်ကို သူထိမ်းပြီး လျှစ်လျူမရှု့လိုက်ဘူးဗျ၊ အဲလိုမျိုးပေါ့၊ ပြောရရင် တော်ရုံလူ နားလည်ဘို့ မလွယ်ဘူးဗျ၊ ကျနော့်လုပ်ရပ်ကို အပြစ်ပြောချင်တဲ့ လူမျိုးဆို ပိုဝေးပြီပေါ့။
ဒီနေရာမှာ ကက မလေးနဲ့ ကွာတယ်ဗျ၊ ကက မလေးက သူလိုချင်တာရှိလို့ ကျနော့်ကို ကပ်တာ၊ ကျနော့်တင်မဟုတ်ဘူး၊ တခြားသူတွေလဲ ကပ်တာဘဲ၊ ခုလဲ ကျနော်နဲ့ အဆက်အသွယ်ပြတ်သွားတော့ ဈေးပိုင်းက နဲနဲထောတဲ့ တရုတ် တကောင်နဲ့ ဘာလိုလို ကြားတာဘဲ။
ဒီလိုဘဲ သူက သူ့ဂွင်နဲ့သူ၊ မလျှာရှည်ကတော့ ကျနော်နဲ့ ဖြစ်တာ ဂွင်သဘောမဟုတ်ဘူး၊ ဒါကတော့ သေချာတယ်၊ သူ ကျနော့်ဆီက တခုခု လိုချင်တဲ့ သဘောမဟုတ်ဘူးဗျ၊ မုန့်ဟင်းခါး ဝယ်ကျွေးခိုင်းတာမျိုးကိုကျတော့ စကားထဲ ထည့်ကပ်ပြောလို့ မဖြစ်ဘူးလေ၊ သူက ဆင်းရဲပေမဲ့ ကျနော့်ဆီက ဘာလိုတယ် ညာလိုတယ်၊ ဘယ်တော့မှ မတောင်းဘူးဗျ။
အဲဒီမှာ နဲနဲတော့ ခင်ဗျားတို့ နားလည်အောင်ပြောမယ်ဗျာ၊ ဖဲသမားစကားနဲ့ပြောရင် နဲနဲကြိုကန်ထားတဲ့သဘောပေါ့၊ ခင်ဗျားတို့လဲ သိမှာပေါ့၊ မလျှာရှည်နဲ့ ဒီတင်မရပ်ဘူးဆိုတာ၊ ခုထိတော့ ဒီလောက်ဘဲရှိသေးတယ်၊ ပြောချင်တာက မလျှာရှည်နဲ့ ကျနော့်ကြားက လူမသိတဲ့ ကိစ္စတွေထဲက ကိစ္စတခု။ဘာလဲဆိုတော့ မလျှာရှည်ကို ကျနော် လက်ဆောင်တွေဝယ်ပေးတာ၊ သူက ကျနော့်ဆီက ဘာမှမလိုချင်ပေမဲ့ ကျနော်က မနေနိုင်ဘူးဗျ၊ လိုတာရလို့ ပေးကမ်းတာလဲမဟုတ်ဘူး၊ သူ လက်ဖက်ရည်ဆိုင်မှာ လုပ်တာ ဘယ်လောက်ရမှာလို့လဲ၊ သူ့မိဘကလဲ လက်လုပ်လက်စားဗျာ။
တခါ တခါ သူ့လခတောင် ယူသုံးတတ်တာ၊ ကျနော်က ၁၅ ရက်တခါ ငွေရွှင်နေတာ၊ ဒီတော့ ဈေးထဲ ဘော်ဒါဆိုင်က အင်္ကျီစလေးဖြစ်ဖြစ်၊ ပါတိတ်ထမီလေးဖြစ်ဖြစ်၊ ကြုံရင် ကြုံသလို သူ့ အတွက် လက်ဆောင် ဆွဲလာတာပေါ့၊ ၁၅ ရက် တခါ လက်ဆောင်ပေါ့၊ ဒိုင်စားလို့ ဝယ်ပေးတဲ့ လက်ဆောင်ပေါ့၊ သူလဲ ယူပါတယ်။
ကျနော်ပေးတာတွေ ဝတ်လဲဝတ်ပါတယ်၊ မိန်းခလေးဘဲ မလှချင်ရှိပါ့မလား၊ လူမသိ သူမသိ ဒိုင်ရှိုလေးပေးရတာပေါ့၊ တခါတလေ အပြင်မှာ တွေ့ရင် သူ့ပါလာတဲ့ ပိုက်ဆံအိပ် စပ်စပ်စုစု ဖွင့်ကြည့်လိုက်မိလို့ ပိုက်ဆံ အချပ်သေးလေး တရွက် ၂ ရွက်လောက်ဘဲ တွေ့တဲ့ အခါကျ စေတနာနဲ့လဲ ထပ်ဖြည့်ပေးဘူးတယ်။
ဒါမျိုးလေးတွေ ရှိပေမဲ့ သူက ကက မလေးမဟုတ်ဘူးနော်၊ ကျနော် သူ့ကို ဘယ်တော့မှလဲ ဒီသဘောမျိုးထားမှာမဟုတ်ဘူး၊ သူမတောင်းဘဲ ကျနော့် စေတနာနဲ့ ကျနော်ပေးတဲ့ သဘောကို ပြောချင်တာ။ အဲဒါမျိုးတွေတော့ ရှိတာပေါ့၊ နောက်ပိုင်း ဒါကို ရေးဖြစ်ချင်မှ ဖြစ်မှာ၊ ဒါကြောင့် ဒါလေးတွေလဲ ရှိတဲ့အကြောင်း နဲနဲကြိုရှင်းထားတာ။
ကဲ ဇတ်လမ်းဆက်ရရင် နောက်နေ့ကျ လက်ဖက်ရည်ဆိုင် ပြန်ရောက်သွားတယ်ဗျာ၊ ဒီတခါတော့ ရပ်ကွက်ထဲက ဘော်ဒါဘဲ ဆွဲခေါ်သွားတယ်။
တပတ်လောက် ဟိုကောင်တွေဘက် ခြေဦးမလှည့်ဘဲ ရပ်ကွက်ထဲက ဘော်ဒါအိမ်မှာဘဲ ခွေခေါက် နှပ်နေတာဆိုတော့ ဒီကောင့်ကိုဘဲ ခေါ်သွားတယ်၊ ပြီးတော့ ဒီကောင်က ကျနော့်ဇတ်လမ်းကို အပ်တူဒိတ် သိပြီးသား၊ ဆိုင်ထဲ ဝင်ဝင်ချင်း မလျှာရှည် ဆီက
“အယ် ကိုဇော် ဘယ်ပျောက်နေတာလဲ မလာတာကြာပြီ၊ အမက မျှော်နေတာ ခစ် ခစ် ခစ် ခစ်”
ဆိုပြီး စသလိုနောက်သလိုနဲ့ လမ်းကြောင်းပေးလိုက်တယ်၊ ဆိုင်ကလဲ ထုံးစံအတိုင်းလူရှင်းနေတော့ မမက မလျှာရှည်ဘက်လှည့်ပြီး
“မမျှော်ပါဘူး၊ မလာလဲ ပြီးရောပေါ့”
ဆိုပြီး ရန်တွေ့သံက လမ်းကြောင်းအတိုင်း စီးမြောလာတယ်၊ ကျနော်ရိပ်မိလိုက်တယ်၊ တကယ်တန်း မမက မလျှာရှည်ကို ရန်တွေ့တာမဟုတ်ဘူးဆိုတာ၊ ကျနော့်ကို စောင်းပြောတာ၊ အော် မိန်းမ မိန်းမ။
တပတ်လောက် ပျောက်သွားတာဘဲ ခပ်ကောင်းကောင်း၊ နေ့တိုင်း တအီအီ လာလုပ်နေလို့ကတော့ ဒီလိုသူ့စိတ်အမှန် သိလိုက်ရမှာမဟုတ်၊ သူလှည့်သလို ခံနေရမှာ။
ကျနော်လဲ မလျှာရှည်ကို ပြုံးပြ နှုတ်ဆက်ရင်း ကောင်တာက မမ နားသွားတော့ မလျှာရှည်က တပတ်လောက်ပျောက်သွားပြီးမှ
အချွန်တွေ အတက်တွေ နဲ့ ပြောင်ပြောင်လက်လက်ဖြစ်ပြီး ပြန်ရောက်လာတဲ့ လူထူးလူဆန်းတယောက်ကိုကြည့်သလို ကျနော့်ကို ပြူးကြောင်ကြည့်နေတဲ့ မခစ်ခစ်ကို ဆွဲပြီး လဖက်ရည် ဖျော်တဲ့ ဘက်ထွက်သွားတယ်၊ ရှောင်ပေးတဲ့သဘော၊ သူ့ရင်ထဲတော့ ဘယ်ကောင်းမှာလဲ၊ မတတ်နိုင်ဘူး။
“တကယ်လား မမ”
“ဘာကိုလဲ”
“မမျှော်ဘူးပေါ့”
“ဘာကိုမျှော်ရမှာလဲ”
တွေ့လား၊ လုပ်ပြီ၊ မမကဒီလိုဘဲ၊ ကျနော့်ကို မမျှော်ဘူးလား၊ ဘာလား ပေါ်တင်ခွတ် လို့ရပေမဲ့ ခွတ်လို့ မရဲဘူးဗျ၊ မလျှာရှည်နဲ့ကျ အပေါ်စီးက ဖြစ်ပေမဲ့ မမ နဲ့ကျ အမြဲအောက်က၊ ဒီလိုဘဲဗျ အချစ်ဆိုတာ၊ တကယ်ချစ်တဲ့ သူက အမြဲရှုံးတာဘဲ၊ ဒါနဲ့ဘဲ ဘောက်ချာဖွင့်ရတာပေါ့၊ ဖွင့်ပြီးမှ မျက်နှာငယ်လေးနဲ့
“မမ”
စွေစောင်းကြည့်တယ်၊
“မမ”
“ဘာလဲ” တိုတိုတုတ်တုတ်၊ အသံက ခပ်မာမာ၊ စိတ်ကောက်နေတဲ့ လေသံမျိုးပေါ့၊ အဲလိုထူးတယ်၊
“မမ တကယ် ကျနော့်ကို မစဉ်းစားဘူးလား”
ကျနော် တကယ့်ကို အတည်သဘောနဲ့ မေးလိုက်တယ်၊ လေသံက တကယ့် စီးရီးယတ်စ်၊ အဲဒီမှာ မမက အင်း လို့ တလုံးထဲပြောကြည့် ကျနော် ဒီဆိုင်ထဲက ချက်ခြင်းထွက်သွားပြီ တကယ့်ကို မေ့ပြစ်လိုက်တော့မယ့်။
သဘော၊ ကျနော်လဲ ကိုယ့်မာနနဲ့ကိုယ်၊ မမကို ချစ်လွန်းလို့ ဒီလာက်ကြိုးစားနေတာ၊ ဘယ်သူမှ ဒီလို မလိုက်ဘူး။ မမလဲ ကျနော့် လေသံနဲ့ ပုံစံကြည့်ပြီး သဘောပေါက်ပုံရတယ်၊
“ဟိုနေ့တွေက ဘာလို့မလာလဲ”
လေသံက နဲနဲပြောင်းသွားတယ်၊ ပြောတော့ မမျှော်ဘူးလေးဘာလေး၊ တတ်လဲတတ်နိုင်တယ်၊ ကျနော့် မေးခွန်းတော့ မဖြေ
“မမ စဉ်းစားလို့ ရအောင်လို့၊ တပတ်အချိန်ပေးတာ”
ဒါကတော့ ဆင်ခြေပေးဘို့ အစကတည်းက ကျနော် စဉ်းစားပြီးသား။
“မမ ကိုလဲမပြောဘူး”
“ဘယ်လိုပြောမလဲ၊ နောက်ကျမှ စဉ်းစားမိတာကိုး”
“မပြောတော့ မမက ဘယ်သိမလဲ၊ ဒီတော့ ဘာမှ မစဉ်းစားရသေးဘူးပေါ့”
ကြည့်၊ ကြည့် ဒါ ဒါ သက်သက် ကပ်ဖဲ့ပြီး အချိန်ဆွဲတာ၊ မမ ပြောနေတဲ့ ပုံစံက သိသာကြီး၊
“ကဲ ဒါဆို ဒီနေ့ကစပြီး တပတ်စဉ်းစား၊ တပတ်ပြည့်တဲ့နေ့ ဘယ်လိုလဲ”
“အိုး တပတ် နဲတယ်”
“မရဘူး မရဘူး တပတ်ဘဲ၊ အဲဒါ တပတ်အတွင်း ကျနော် ဆိုင်လာရမလား”
“သဘောပေါ့”
“အင်း ဒါဆို လာမယ်”
“လာရင်လဲ ရိုးရိုးဘဲ စကားလာပြော”
“မမစဉ်းစားနေလား လို့ဘဲ မေးမယ်လေ”
“အဲဒါလဲ မမေးနဲ့”
“တပတ်ပြည့်မှ မမ မေ့နေလို့ ဆိုပြီး ပြောရင် ဘယ်လိုလုပ်မလဲ”
ကျနော့် ကပ်ကပ်သပ်သပ်အပြောကြောင့် မမ ပြုံးတယ်၊ ဒီလိုဘဲဗျ၊ လူက စိတ်ထဲကြည်နေရင် စကားက သူ့အလိုလိုထွက်လာတာဘဲ၊
“ဒါတော့ ကိုဇော့် ကံပေါ့”
ပြောရင်း မလျှာရှည်ကို လှမ်းခေါ်ပြီး ကျနော်မှာထားတဲ့ ဘောက်ချာ စာရွက် လှမ်းပေးတယ်၊ တော်ပြီ သွားတော့ ရစ်မနေနဲ့တော့ ဆိုတဲ့ သဘောပေါ့၊
မလျှာရှည်က ကျနော်တို့ မှာတာလာချတော့ ရွှေထမင်းမုံ့ က အပိုပါလာတယ်၊ ကောက်ညှင်းကိုပေါင်းပြီး ကြံသကာအရည်နဲ့ နယ်ထိုးထားတာလေ၊ ပြီးတော့ ဘမ်းထဲအအေးခံပြီး ဟလဝါလိုအတုန်းလေးတွေ လှီးစားရတာ။
မလျှာရှည် လာချတော့ ကျနော့် ဘော်ဒါက စားပွဲမှာ မရှိ၊ အိမ်သာသွားနေတယ်၊ အိမ်သာသွားတက်တာတော့ မဟုတ်ဘူး၊ လမ်းမှာ ဝင်ဝယ်လာတဲ့ မားကို ဆေးပေါ့လိပ်ထဲ သွားရိုက်တာ။
“ရွှေထမင်းက မှာလဲမမှာဘူး”
“အဲဒါ အိမ်မှာ ထိုးတာ၊ ကိုဇော့်အတွက်”
“နင်ထိုးတာလား”
“အင်း အမေ့ကို ကူပြီး ထိုးပေးတာပေါ့”
“မနေ့က ငါပြန်မှ ထိုးတာလား”
“မဟုတ်ပါဘူး၊ ကိုဇော် မလာခင်က”
“ဒါကြောင့် နေမှာ မနေ့က ချိုနေတာ၊ နင် ထိုးပြီး စားထားတာ မဟုတ်လား”
“သွား”
ဟီး ဟီး လောကကြီးက အဆင်ပြေချင်တော့လဲ ပျော်စရာကြီးပါလား၊ ကျနော်လဲ ပြုံးလို့၊ မမလဲ ပြုံးလို့၊ မလျှာရှည်ကလဲ ပြုံးလို့၊ ဟို မခစ်ခစ်တောင် ဘုမသိ ဘမသိ ပြုံးလို့။
အပိုင်း ( ၃ ) ဆက်ရန် »»»»»»»
No comments:
Post a Comment