ဟိုပင်ဒီပင်ကူးပါလို့ အပိုင်း (၂၀)
ဂျင်ကလိ ရေးသည်။
ကျော်ကျော် ရန်ကုန်မှာ ရှိနေသေးသည် ဆိုသည့် အသိက ဦးအောင်ဘညိုကို အိမ်တွင်းပုန်း ဘဝကအမြန် ဆုံးလွတ်ချင်အောင်တွန်းအားပေးသည်။ ထို့ကြောင့် ဦးအောင်ဘညိုဆေးမှန်မှန်သောက်နိုင်အောင် ဂရုစိုက် သည်။ ညဖက်အိပ်မပျော်၍ အရက်သောက်မိပါသည် ဆိုသည့်အတွက် ဆရာဝန်က အိပ်စေသည့်ဆေးတွေထည့်ပေး ပုံရသည်။ ညဖက်ဆိုလျှင်လည်း ဦးအောင်ဘညို ကောင်းမွန်စွာအိပ်ပျော်ပါသည်။ စိတ်ထဲမှာ လည်းအရင်အတိုင်း အားအင်တွေပြန်ပြည့်လာသည်ဟု ထင်မိ၏။
ညနေဖက်တွေဆိုလျှင်တော့ စာကြည့်နေရသည့် ဖူးဖူး အညောင်းမမိစေရန် အတွက်သားအဖနှစ်ယောက် လမ်းလျှောက်ထွက်ကြသည်။ တခါတလေ ဖိုးသားလိုက်၏။ ဒါကလည်း ဝေးဝေး လံလံ မဟုတ်ပါ။ ရပ်ကွက် ထဲ အနီးတဝိုက်လောက်သာဖြစ်သည်။ သမီးနှင့် လမ်းထွက်တိုင်း ယောက်ျားလေးတွေ ဖူးဖူး ကိုကြည့်ကြ သည်ကို မြင်လျှင် ဦးအောင်ဘညို ရင်ထဲမှာ တမျိုးကြီးဖြစ်ရသည်။ သမီးအတွက် ဂုဏ်ပဲ ယူရမလိုလို၊ စိတ်ပူရမလိုလို နှင့် ဖူးဖူးကတော့ ကောင်လေးတွေကို ဂရုလုံး၀ မစိုက်ပါ။ အဖေ လက်မောင်းကို တွဲပြီး စကားပြော နေဖို့သာ အာရုံထားပုံရသည့် အတွက်ဦးအောင်ဘညို စိတ်ချမ်းသာရသည်။
တခါတလေ လိုက်လာတတ်သည့် ဖိုးသားကမြင်လျှင်တော့ အမကို စတတ်သည်။
“ငါ စိတ်မဝင်စားဘူး၊ ငါက အပျိုကြီးလုပ်မှာ”
“ဆယ်နှစ်စောင့်ကြည့်မယ်၊ ဆယ်နှစ်၊ဆယ်နှစ်”
ဖိုးသားက မချိုမချဉ် ဖြင့်လက်ဆယ်ချောင်းထောင်ပြ၏။
“စောင့်စရာ မလိုဘူး၊ တကယ်ဖြစ်မှာ၊ နင့်လို မျောက်လောင်းတကောင် နဲ့ ဟိုမှာ ပုခက်ထဲမှာလည်း တ ကောင် ရှိသေးတယ်၊ ငါ့မှာ အချိန်မရှိဘူး”
ဖူးဖူး ဆီက ဒီလို ကြားရတော့ဦးအောင်ဘညို စိတ်မကောင်းဖြစ်ရသည်။ တာဝန်ယူချင်သည့် စိတ်အတွက် ကျေ နပ်မိသော်လည်း ဒီကလေးတွေကြောင့် ဖူးဖူး အရာရာကိုစွန့်လွှတ်ရတာမျိုး မဖြစ်စေချင်ပါ။ အခုတောင် မှ ဆယ်တန်းကို အမှတ်မကောင်းလည်း နေစေတော့၊ ရိုးရိုးမေဂျာ ဘွဲ့တခုလောက်သာယူတော့မည် ဟု ဖူးဖူးပြောနေပြီ မဟုတ်ပါလား။ ဖူးဖူးဆက်ပြောလာသည့် စကားကတော့ ဦးအောင်ဘညို ရင်ကို အေးစေပါသည်။
“ငါက ဖေဖေ နဲ့ပဲတသက်လုံးနေမှာ”
ဦးအောင်ဘညို လည်း ဒီလိုပဲဖြစ်ချင်ပါသည်။ ဖူးဖူး တို့စာမေးပွဲတွေ မစခင်လောက်မှာ မသူဇာတယောက်စစ်ကိုင်းတောင်ရိုးတနေရာတွင် ဒေါ်သုဓမ္မစာရီ ဘဝသို့ ကူးပြောင်းသွားပြီ ဖြစ်ကြောင်း မန ္တလေးက ဆွေမျိုးတွေ လှမ်းအကြောင်းကြားသည့် အခါတွင် သားအဖ နှစ်ယောက် တယောက်ကိုတယောက်ကြည့်၍ ဘာ မှ မဖြစ်သလိုပြုံးမိကြသည်။
“မို့မို့မြင့်အောင်ကတော့ အကယ်ဒမီရသွားတာပဲ”
“ဘာလဲ ဖေဖေ”
“မသုဓမ္မစာရီ ဇာတ်ကားမှာ မို့မို့မြင့်အောင် က အကယ်ဒမီရသွားတယ်လေ၊ မြတ်သူဇာ ကတော့ ဘာရမှာလဲ မသိဘူး”
“သူလိုချင်တဲ့ တရားရ မှာပေါ့ ဖေဖေရယ်”
“သမီး တို့စာမေးပွဲ ပြီးလို့ သွားချင်ရင် ဖေဖေ ပို့ပေးမယ်လေ၊ ဖွားကြည်နဲ့ တူတူသွားကြ”
ဖူးဖူး ကခေါင်းခါသည်။
“လောလောလတ်လတ် ဆိုတော့ မေမေ တွေ့ချင်မယ် မထင်ဘူးဖေဖေ၊ နောက်မှပေါ့ ဖေဖေရယ်၊ မောင် လေး လမ်းလျှောက်တတ်လောက်မှ ခေါ်ပြီးသွားမယ်”
မသူဇာ သမီးပီသပါပေသည်ဟု ဦးအောင်ဘညို တွေးမိ၏။ သွေးအေးစရာ ရှိလျှင်လည်း ဖူးဖူး သွေးအေး သည်။ မသူဇာ ရာသက်ပန် သီလရှင်ဝတ်သွားပြီ ဆိုသည့် ကိစ္စ ကို သူမ၏ စာမေးပွဲလောက်တောင် အရေးမထားသလို မျိုးဖူးဖူး နေနိုင်ခဲ့သည်။ဖိုးသားက စာမေးပွဲ အရင်ပြီးသည်။ ဒါပေမယ့် သူကလည်း အားသည်နှင့် ဂိမ်းဆော့ဖို့သာ စိတ်သန်နေ၍ သိပ် အဖေါ်မရပါ။ အိမ်မှာ ပျင်းနေသည့် ဦးအောင်ဘညို ဖူးဖူး စာမေးပွဲ အပြီးကိုသာ မျှော်ရသည်။ ဖူးဖူး စာမေးပွဲ ဖြေတော့ ဦးလေးစိုး ကိုပို့ မခိုင်းဘဲ ကိုယ်တိုင်မောင်းပို့ဖို့လုပ်သည်။
“ဖေဖေ ကလဲ ဖိုးစိုးပို့ မှာပေါ့”
“သမီး ကလဲ၊ ဖေဖေ ပျင်းလို့ပါ၊ သူများတွေ ဆို အမေတွေ လိုက်ပို့ကြတယ် မဟုတ်လား၊ သမီးကို ဖေဖေပို့ ရ မှာပေါ့”
အတင်းအကျပ်ပြောမှ ဖူးဖူး အလျှော့ပေးသည်။
“ဖေဖေ က လူမမာကြီးမှ မဟုတ်တာ၊ နာတာရှည်လဲ မဟုတ်ဘူး၊ အခန့်မသင့်လို့ ဖြစ်ရတာမျိုးပါ သမီးရယ်”
ကျောင်းရောက်လျှင်တော့ သားသမီးစာမေးပွဲ ဖြေတာလိုက်စောင့်ကြသည့် မိန်းမတွေကသာ များ၍ ကြောင် တက်တက် နိုင်သည်။ အဖေလိုက်လာတာ တော်တော်နည်း၏။ ထို့ကြောင့် ဟိုနားဒီနား ကားလျှောက်မောင်း ခြင်းဖြင့် အချိန်ဖြုန်းရသည်။ စိတ်ကူးပေါက်လျှင်တော့ ရုံးကိုဝင်၏။ ကျော်မင်း ကောင်းကောင်း ကွပ်ကဲထား နိုင်သည်ကိုတွေ့ရတော့ အလုပ်ထဲပြန်ဝင်ဖို့ တောင် ပျင်းချင်သလိုလို ဖြစ်ရသည်။ သို့သော်လည်း အိမ်မှာ ယောင်လည်လည် နေရမည့် အချိန်တွေကို ပြန်စဉ်းစား မိလျှင်တော့ အလုပ်ပြန်ဝင်ချင်လာ၏။
သွားရင်းလာရင်း မမေ့မလျော့ လုပ်တတ်သည်ကတော့ ကျော်ကျော့် ကို တွေ့လိုတွေ့ငြား ရှာကြည့်မိခြင်း ဖြစ် သည်။ ဖူးဖူး တောင်ဒါကို သတိပြု မိသည်။
“ဖေဖေ ဘာဖြစ်နေတာလဲ”
“ဘာလို့လဲ သမီးရဲ့”
“ကားမောင်းတာ စိတ်မပါသလိုပဲ၊ ဟိုကြည့်လိုက် ဒီကြည့်လိုက်နဲ့၊ ရှေ့ကိုလည်း မကြည့်ဘူး”
“သမီးစိတ်ထင်လို့ပါ”
“စိတ်ထင်တာ မဟုတ်ပါဘူး၊ သိတာပါ”
မျက်နှာတည်တည် လေးနှင့် စိတ်ရှုပ်သလိုပြောလာသည့် ဖူးဖူးကြောင့်
“အင်းပါ သမီးရယ်၊ ဖေဖေ သေသေချာချာ မောင်းပါမယ်၊ ဟုတ်ပြီလား”
ဖူးဖူး စာမေးပွဲကို ကောင်းကောင်းမွန်မွန်ဖြေနိုင်ခဲ့ပါသည်။ အောင်လျှင်တော်ပြီ ဟု ဆုံးဖြတ်ထားတာထက် တောင် ပိုဖြေနိုင်သည် ဟုသိရသည်။ ဖူးဖူးစာမေးပွဲ ပြီးတော့ဦးအောင်ဘညို လုပ်ငန်းခွင်သို့ပြန်ဝင်သည်။ ဦးအောင်ဘညို ဒေါင်ဒေါင်မြည် ကျန်းမာလာပြီဖြစ်၍ ကျော်မင်း လည်း နေပြည်တော်သို့ စိတ်ချလက်ချ ပြန်သွားသည်။
ရက်ပေါင်းများစွာ ခေါင်းထဲမထည့် ခဲ့ရသည်တွေကို ပြန်လည်ကိုင်တွယ်ရသောအခါ အသားမကျသလို ခံစား ရသည်။ ကျော်မင်း ရှိစဉ်ကလည်း လုပ်ခဲ့သမျှကို နေ့စဉ်ပြောပြသလို ဦးအောင်ဘညို၏ အကြံဉာဏ် ကို တောင်းလေ့ ရှိသော်လည်း ခေါင်းမရှုပ်ချင်သော ဦးအောင်ဘညိုက ကျော်မင်း စိတ်ကြိုက်လုပ်ဖို့ ခွင့်ပြုထား ခဲ့၏။ ခုတော့ ဦးအောင်ဘညိုတာ ဝန်ဖြစ်လာပေပြီ။
“လေးလေး အေးရာအေးကြောင်း မနေရတော့ဘူးပေါ့”
စိတ်ရှုပ်နေပုံရသည့် ဦးအောင်ဘညိုကို ခင်မောင်တင့် ကပြောသည်။
“အေး ကွာ၊ အိမ်မှာ နေတုန်းကတော့ မနေတတ်ဘူး၊ အလုပ်ထဲမှာဆို မပျင်းဘူးလို့ ထင်တယ်၊ ခုကျတော့ လဲ အိပ်လိုက်စားလိုက် နေတာကို ပြန်သတိရနေပြန်ရော”
“လေးလေး အရှိန်မရသေးလို့ပါ၊ နောက်ဆိုပြန်ဓါတ်တည့်သွားမှာပါ”
“ထင်တာပဲ ကွာ၊ မင်းလဲ ဒီတိုင်းမနေနဲ့၊ အားရင်နည်းနည်းပါးပါး လိုက်လေ့လာထားဦး၊ အရေးဆို ကျော်မင်းပဲပြန်ခေါ် နေရရင် မဟုတ်သေးဘူး”
“ဟုတ်ကဲ့ လေးလေး၊ မမသိင်္ဂ ီရှိလဲကောင်းသေားနော်”
ဦးအောင်ဘညို မျက်မှောင်ကုပ်ပြီးကြည့်လိုက်သောကြောင့် ခင်မောင်တင့် အခန်းပြင်ကုပ်ကုပ်လေး ထွက် သွားသည်။ ရက်ပေါင်းများစွာ လွန်ခဲ့သည့်တိုင် သိင်္ဂ ီက ဦးအောင်ဘညိုကို လှုပ်ခတ်စေနိုင်တုန်းပင်။ ရုံးခန်း အဝင် အထွက်မှာ သိင်္ဂ ီ့ အခန်းဖက်ကို ခုထက်ထိတိုင်မကြည့်ရဲသေးပါ။ အပြင်ရောက်လျှင်တော့ ကျော်ကျော့် ကို တွေ့မလား ရှာမိပြန်သည်။
ဦးစိန်လင်း ကုမ္ပဏီ ကိုလည်း မနေနိုင်မထိုင်နိုင် ဖုန်းဆက်မေးမိသေးသည်။ ကလေးမ လေးတွေက သူတို့ကို ကျော်ကျော် ဆက်သွယ်မလာသေးဟု ဆိုကြ၏။ ညနေဖက် ဆိုလျှင်တော့ ဦးအောင်ဘညို ကျန်းမာရေး အတွက် အကြောင်းပြပြီး ဂေါတ်သီးပြန်ကစားဖြစ် သည်။ တင်းနစ် လည်းပြန်ရိုတ်ဖြစ်၏။ နောက်ပြီးတော့ ကြုံကြိုက်သည့် အခါ အနည်းငယ်ပြန်သောက်ဖြစ် ၏။ ဖူးဖူး ၏ ငြူစူစိတ်ကောက်မှုကိုလည်း ခံရသေးသည် ဖြစ်ရာ အရင်လိုတော့ ထင်တိုင်းမသောက်ဝံ့တော့။ ပြော လို့ဆိုလို့ကောင်းရုံသာ အနည်းအကျဉ်းသော က်ပြီး အိမ်စောစော ပြန်ရသည်။ ဖူးဖူး ကလည်း အချိန်တန်လို့မှ မရောက်သေးလျှင် ဖုန်းတဂွမ်ဂွမ် ဆက်နေတတ်၏။
“ကိုအောင်ဘညို သမီးကျတော့ လက်မြှောက်ပြီပေါ့ ဟုတ်လား”
“သမီး က အရမ်းသိတတ်တာဗျ၊ ကျွန်တော့ကိုလဲ အရမ်းချစ်တာ၊ သူစိတ်မကောင်းဖြစ်တာတော့ ကျွန်တော် မမြင်ချင်ဘူးဗျာ”
သောက်ဖြစ်သည့် နေ့တွေဆိုလျှင် သူမမူးကြောင်းပြသည့် အနေဖြင့် အိမ်ရောက်သည် နှင့် ဖူးဖူး နှင့် အတူ သားငယ်လေးကို ထိန်းရင်း အချိန်ဖြုန်းပြရသည်။ ကလေးအိပ်သွားပြီဆိုလျှင် ဖူးဖူး နှင့် အတူ ဖိုးသားဂိမ်း ဆော့တာ ထိုင်ကြည့်ရင်း စကားစမြည်ပြောပေးရသည်။ ဒါဆိုရင် ဖူးဖူး ကျေနပ်သွားတတ်ပါသည်။
.....................................
မနှစ်က သင်္ကြ န်မှာလူမစုံ၍ မကဲလိုက်ရ၊ ဒီနှစ်မှာတော့ လူစုံ၍ ဟိုတနှစ်ကလို ကဲကြမည်ဟု ဦးအောင်ဘညို ၏ မိတ်ဆွေကြီးတွေက စီစဉ်သည့် သတင်းကိုကြားရသည့် အခါတွင်မူ ဖူးဖူး က ဦးအောင်ဘညိုကို သင်္ကြန် အပြင်ထွက်ခွင့် ပိတ်လိုက်၏။
“ဖေဖေ ကလဲ မသွားချင်ပါဘူး သမီးရယ်”
“ဖေဖေ က အားနာပြီးပါချင်ပါသွားမှာ၊ သင်္ကြန်ဆိုတော့ အချမ်းပြေအောင်သောက်ကြရင်း ဖေဖေ အရင်လို
ဆက်တိုက်သောက်တဲ့ အကျင့်ပြန်ရသွားရင်ဘယ်လိုလုပ်မလဲ၊ တခါတလေက ကိစ္စ မရှိဘူး၊ သင်္ကြန်တွင်း ဆို ဖေဖေ အရင်လိုပြန်သောက်ဖြစ်မှာ ကျိန်းသေတယ်၊ မလိုက်ဘူးလို့ပြောလိုက် နော် ဖေဖေ”
စိတ်အခြေအနေက အရင်လို မဟုတ်၍ ဦးအောင်ဘညို လည်းလိုက်ချင်စိတ်မရှိပါ။ ထို့ကြောင့် လိုက်ဖြစ်မည် မထင်ကြောင်းသာ ပြောလိုက်ပါသည်။ သိပ်ပြီး ကျေနပ်ကြပုံမရဘဲ အခွင့်သင့်သည် နှင့် ဆွယ်ကြသည်။ ဦး အောင်ဘညို မတုန်မလှုပ် ကျောက်ရုပ်လိုနေလိုက်ပါသည်။
“မိန်းမ သီလရှင်ဝတ်မှ ကိုယ့်လူကြီး ငြိမ်သွားလိုက်တာ၊ ကျွန်တော် တို့ကဖြင့် ခင်ဗျာက ပိုကဲလို့ကောင်းပြီ ထင်နေတာ”
“အိမ်မှာ ပဲ ကလေးတွေ နဲ့နေတော့မယ်ဗျာ”
ဖူးဖူး ကိုလည်း သူငယ်ချင်းတွေက ရေပက်ဖို့ခေါ်ကြသော်လည်း ငြင်းလိုက်သည်။ ဖိုးသားကတော့ သူ့သူငယ် ချင်းတွေ နှင့် တရက်လောက်တော့ ရေပက်ပါရစေဟု ခွင့်တောင်းသည်။ ဦးအောင်ဘညို တို့ရပ်ကွက်က ဆိတ်ငြိမ်ရပ်ကွက်ဖြစ်ရာ သင်္ကြ န်မှာ မစည်ကား။ပိုလို့တောင် တိတ်ဆိတ်သည်။ ဖိုးသားရေကစားချင်ရင် တောင် ပက်စရာလူမရှိ။ ဒါကြောင့် သူငယ်ချင်းအိမ်မှာ သွားပက်မည်ဟု ဖိုသားပြောခြင်းဖြစ်သည်။ တရက် တလေ ဆိုတော့လည်း ဦးအောင်ဘညို ခွင့်ပြုပါသည်။ ဦးအောင်ဘညို ကိုယ်တိုင်လည်း ငယ်ငယ်က သင်္ကြန် ဆိုလျှင် ရေပက်နေကျဖြစ်ရာ ကစားချင်သည့် ဖိုးသားကို နားလည်၏။ သုံးရက်လုံးပက်ချင်သည် ဆိုလည်း ခွင့် ပြုမည်သာ။
“နင်က အိမ်မှာ ရှိလဲ ဘာမှအဖေါ်မရမယ့် တူတူသွားပေါ့”
လူစည်သည့် နေရာမှာ သွားကစားခွင့်ရ၍ ဖိုးသားပျော်သွားသည်။ သူတို့ အစီအစဉ် ကမနက်ဖက်မှာ ဦးလေး စိုး က ကားနှင့် လိုက်ပို့ပေးပြီး ညနေပြန်ကြိုရမည် ဖြစ်သည်။ ဖိုးသားသွားမည့် နေ့ကျမှ ဦးလေးစိုး နေလို့သိပ် မကောင်းချင်သလိုဖြစ်နေသည်။ နည်းနည်း မူးသည်ဟုဆို၍ ဒေါ်ဒေါ်ကြည် နှင့် ဖူးဖူး က ကားမမောင်းစေချင် ကြ။ ဖိုးသား စိတ်ပိန်နေစဉ် နောက်ကျ မှ နိုးလာသော ဦးအောင်ဘညို ရောက်သွားသည်။ ရေပက်ချင်သော သားကို သနားပြီး လိုက်ပို့ပေးဖို့ စဉ်းစားလိုက်သည်။ ဖူးဖူး ကတော့ မသောက်ဘဲပြန်လာရမည်ဟုဆို၏။
အပေါင်း အဖေါ်တွေကလည်း သူတို့ဖာသာပျော်နေကြပြီဖြစ်ရာ သောက်ဖြစ်ဖို့လည်း မရှိသဖြင့် ဦးအောင် ညိုလည်း ခေါင်းညိတ်အာမခံ လိုက်ပြီး ဖိုးသားနှင့် ထွက်လာခဲ့သည်။
ရေမဝင်အောင် ကားမှန်တွေ အလုံပိတ်ပြီးမောင်းလာရင်း သင်္ကြန်ရေစိုရွှဲပြီး ပျော်နေကြသည့် လူတွေကိုကြည့် ရင်း ရင်ထဲမှာ ဝေဒနာတခုကို ခံစားရသလိုလိုရှိသည်။ အုန်းလက် မဏ္ဍပ်လေးတခု ရှေ့မှာ အိုးမဲတွေသုတ်ပြီးကနေသူတယောက် ဆိုလျှင် ဦးအောင်ဘညို ထက်ပင် အသက်ကြီးဦးမည်ထင်သည်။ ရေစိုနေသည့် မိန်းက လေးတွေကို မြင်မိလျှင် ကျော်ကျော့် ကို သတိရသည်။ ရန်ကုန်မှာပင်ရှိနေသေးသလား တွေးမိသည်။ ပလပ် စတစ်ထုပ်ကလေးကိုင်ပြီး အိပ်မက်ထဲမှာလမ်းသွားနေသလို တရွေ့ရွေ့သွားနေသည့် ခပ်သွယ်သွယ် ကိုယ် လုံးလေးကို ပြန်ပြီးမြင်ယောင်နေသည်။
ထို့နောက် ဝါညက်ညက်အသား အရေနှင့် မဲမှောင်ထူထပ်သည့် အမွှေးများ။ နားထဲမှာ ကျော်ကျော့် အော် ညည်းသံတွေ ပြန်ကြားယောင်သလိုဖြစ်လာသည့် အခါ ရုတ်တ
ရက်ယောင်ပြီး ဘရိတ်ကို နင်းချလိုက်မိသည်။
“ဘာဖြစ်တာလဲ ဖေဖေ”
“လမ်းပိတ်နေပြီ ထင်တယ်”
လမ်းတခုလုံး ကားတွေနှင့် ပြည့်ကျပ်နေတာတိုက်ဆိုင်မှု ဖြစ်သည်။ ဦအောင်ဘညို ကိုယ့်လမ်းကိုယ်မောင်း လာရင်း ကားတွေများနေသည်ကို မသိသလိုလိုဖြစ်နေမိသည်မှာ
အမှန်ဖြစ်၏။
“ပြန်ဆုတ်လို့ ရရင် ဖေဖေပတ်မောင်းလိုက်မယ်”
“ရတယ် ဖေဖေ၊ ဟိုဖက်ထိပ်တင်၊ သားလမ်းလျှောက်သွားလိုက်မယ်”
ဒီလောက်ရှုပ်ထွေးနေသည့် လူတွေထဲမှာ ဖိုးသားကို စိတ်မချပါ။ ဦးအောင်ဘညို နောက်နည်းနည်း ပြန်ဆုတ် ပြီး လမ်းဘေးနေရာလွတ်တခုတွင် ကားကိုရပ်လိုက်သည်။
“ဖေဖေ လိုက်ပို့ပေးမယ်”
ကားကို သေသေချာချာ သော့ခတ်ပြီးနောက် ဖိုးသားလက်ကို ဆွဲကာ လူအုပ်ထဲ တိုးဝင်ခဲ့၏။ စိတ်လွတ်လက် လွတ် ကခုန်မြူးထူးနေသည့် လူတွေက ဦးအောင်ဘညို တို့သားအဖကို ဝိုင်းပတ်နေကြသလိုရှိသည်။ ဟိုကဒီကရေတွေလည်း ဦးအောင်ဘညို တို့ကိုလာစို၏။ မိမိ တကိုယ်လုံးကို ပတ်ဝန်းကျင်ရှိပုရိသအပေါင်း တို့အား မျက်လုံး အစာကျွေးသလိုဖြစ်နေသည်ကိုပင် သတိမပြုနိုင်အောင်ဖြစ်နေသည့် မိန်းကလေးတွေ တွေ့လျှင် ဦးအောင်ဘညို မျက်နှာလွှဲရသည်။ တချို့ မိန်းကလေးတွေဆိုရင် ဖူးဖူး အရွယ်လောက်ပင်ရှိဦးမယ်။ သူတို့၏ ဖူး သစ်စ အလှအပတွေကို သင်္ကြန်ကာလတွင် ရက်ရောစွာ ပြသပေးလှုနေကြသည်။ ဦးအောင်ဘညို နားထဲမှာ သီချင်းသံတီးလုံးသံတွေ ဆူညံနေ၏။
“ဟာ poh-pih အဖွဲ့ပါလား”
ဖိုးသား အသံကြောင့် လှမ်းကြည့်လိုက်ရာ စင်မြင့်ပေါ်မှာ ခုန်ပေါက်သီချင်း ဆိုနေသည့် လူငယ်လေး သုံး ယောက် ကိုတွေ့ရသည်။ ဆံပင်အရောင်စုံနှင့် တီရှပ်ပွပွကြီးတွေကို ဝတ်ထားပြီး ဆွဲထားသည့် ဆွဲကြိုးအကြီး ကြီးတွေက နေရောင်မှာတပြောင်ပြောင်လက်နေကြသည်ကို မြင်သောအခါ ဦးထုပ်နောက်ပြန်ဆောင်းပြီး တီ ရှပ် အပွကြီး ဝတ်ထားသည့် သားတော်မောင်ကိုပြန်ငုံ့ကြည့်မိ၏။ ဖိုးသား အမူအရာက သီချင်းဆိုနေသည် ကို ကြည့်ချင်ပုံရ၏။
“အဆိုတော် တွေလား”
“စီးရီးမထွက်သေးဘူး၊ အင်တာနက်မှာတော့ ရေရေလည်လည်ပေါက်တယ်”
“သားကြည့်ချင်လို့လား”
ခေါင်းညိတ်ပြရှာသည့် သားကို သနားသွားသည်။ ဦးအောင်ဘညို နားမလည်သော်လည်း သူတို့ခေတ်ဆို တော့လည်း ဖိုးသား ဒီသီချင်းတွေကို သဘောကျပေမည်။
“ဒါဆိုလဲ ..လာလာ”
စင်ရှေ့နှင့် တည့်သည့်နေရာနားရောက်အောင် ဝင်တိုးလိုက်ပြီး အုတ်တံတိုင်းတခုနားမှာ ရပ်ထားသည့် ဂျစ် ကားတစီး၏ နောက်မြီးစွန်းပေါ်ဖိုးသားကို မတင်လိုက်သည်။
“ကလေးက ကြည့်ချင်လို့တဲ့”
ကားပေါ်က လူငယ်တစုကိုတောင်းပန်လိုက်သည်။ စင်ပေါ်က ချာတိတ်တွေနှင့် မခြားနားစွာ ဝတ်ဆင်ထား ကောင်လေးတွေက သဘောကောင်းစွာ လက်ခံကြပါသည်။ အလွန်သဘောကောင်းစွာဝတ်ဆင်ထားကြ သည့် မိန်းကလေးတွေကလည်း ဖိုးသားနှင့် ဦးအောင်ဘညို ကို အပြုံးနှင့်ကြည့်ကြ၏။ ဖိုးသားက စင်ပေါ်ကိုသေသေချာချာ မြင်နိုင်သော်လည်း ဦးအောင်ဘညိုကတော့ တချက်တချက်မှသာ မြင်ရသည်။ ကား ပေါ်မှ စကပ်အတိုလေးဝတ်ထားသည့် မိန်းကလေးတယောက်၏ ရေစိုနေသည့် တင်ပါးတင်းတင်း လေးက ရှေ့မှာ ကွယ်နေသည်။ စည်းချက်နှင့် အညီ သူမ၏ တင်ပါးကိုတွန့်လိမ်လှုပ်ရမ်း နေသည့် အခါ မျက်နှာကို တဖက် သို့ လွှဲထားရသည်။ သို့တိုင်အောင် ထိုတင်ပါးကို လက်တဖက်က လာလာကိုင်တာကို မမြင်ချင်လို့ မရဘဲမြင်နေရသည်။ ကာယကံ ရှင်မလေးကတော့ ဘာမှ မထူးခြားသလို အတွန့်မပျက်ပါ။
ထို့ကြောင့် မမြင်တချက်မြင်တချက် စင်ပေါ်ကိုသာ အာရုံပြောင်းပြီး သူတို့ ဆိုနေတာကို နားထောင်ကြည့် မိသည်။ စကားပြောသလို ရွတ်နေကြသည့် စာသားတွေက ကာရန်တော့ကိုက်သည်ကို သတိထားမိ၏။ သံ ချပ်လိုလို နှင့် သင်္ကြန်နှင့်တော့ ကိုက်ပါသည်ဟု တွေးနေမိသည်။ သူတို့ရွတ်တာ မြန်လည်းမြန်၏။ ဦးအောင် ဘညို ဆိုလျှင် အသက်ရှုဖို့တောင် အချိန်ရမည် မဟုတ်။ ဒါကြောင့် သုံးယောက် တလှည့်စီ ဆိုတာဖြစ်မည် ဟု ကြံကြံဖန်ဖန်စဉ်းစားနေမိသည်။ ဟုတ်မဟုတ်တော့ နောက်မှ ဖိုးသားကို မေးရဦးမည်။ လောလောဆယ် တော့ ဖိုးသားကခေါင်းလေး တဆတ်ဆတ်လှုပ်ရင်း စင်ပေါ်ကို အာရုံရောက်နေ၏။ကားပေါ်က ချာတိတ်တွေကလည်း အရှိန်တက်နေကြပြီထင်သည် ခုန်ပေါက်နေကြ၏။
“အန်ကယ်ကြီး ဝါသနာပါရင် လုပ်လို့ရတယ်နော်၊ ရော့”
ပုလင်းပြားလေး တခုကမ်းပေးလာသဖြင့် အတင်းငြင်းရသည်။
“နေပါစေ၊ ငါ့တူတို့ပဲ သောက်ကြပါ၊ ကိုယ်က ကားမောင်းပြန်ရဦးမှာမို့ပါ”
အိမ်ပြန်ရောက်မှ ဖူးဖူး ကိုပြောပြရဦးမည် ဟုတွေးရင်း သီချင်းကိုသာ လိုက်နားထောင်ကြည့်နေမိသည်။ ဦး အောင်ဘညို ကြားမိသမျှတွေထဲမှာ အသက်ကြီးလို့ သွားတွေမကောင်းတာလည်းပါသည်။ အလုပ်တွေများ လို့ ညောင်းတယ် ဆိုတာလည်းပါသည်။ လှုပ်စိလှုပ်စိ နှင့် ဖြစ်နေသည့်ကားအစွန်ကနေ ဖိုးသားပြုတ်မကျ အောင် အောက်ကနေ ဖက်ထားရင်း မနေနိုင်ဘဲ မေးမိသည်။
“သူတို့ ဘာတွေ ဆိုနေတာလဲ သားရဲ့”
“စပွန်ဆာ ပေးတဲ့ အကြောင်းလေ”
“ဟင်”
“ဖေဖေ ကလဲ၊ နားထောင်ကြည့်လေ၊ ပိုက်ဆံရှိတဲ့ လူတယောက်က မိန်းမ မသိအောင် ကောင်မလေးတ ယောက် ကို စပွန်ဆာပေးတဲ့ အကြောင်းလေ၊ ကောင်မလေးကလည်း ပိုက်ဆံ အရမ်းတောင်းတော့ မိန်း မ မသိအောင် ဟိုပြေးဒီပြေး နဲ့ ဒုက္ခများရတယ် တဲ့”
ဘာကြောင့် မှန်းမသိ မျက်နှာစပ်ဖျင်းဖျင်း ဖြစ်သွားရသည်။ ဆက်မမေးမိတော့။ ဖိုးသားလည်း စင်မြင့်ဖက် ကို ပြန်လှည့် သွားသည်။ မဏ္ဍပ်ပေါ်က စာရွတ်နေသည့် ချာတိတ်တွေက ရှေ့ကို ကိုင်းကိုင်းလေးလုပ်၍ ဖင်ကို ရမ်း ရင်းဆိုကြသည်။ ဒါကိုတော့ သံစဉ်နှင့် ဖြစ်လို့ ဦးအောင်ဘညို သေသေချာချာ ကြားလိုက်ရသည်။ သူတို့ပုံစံက မျောက်လိုလို လုပ်နေကြသည်ဟု တွေးနေမိဆဲ ကြားလိုက်ရသည့် သီချင်းသံကြောင့် ဦးအောင်ဘညို ခေါင်းကဆံပင် တွေထောင်တက်သွားသလို ခံစားလိုက်ရသည်။
“ဟိုပင် ဒီပင်ကူးပါလို့ မျောက်ကြီးဟိုဒင်းကျယ်၊ ဟိုပင်ဒီပင် ကူးပါလို့ မျောက်ကြီးဖင်ခေါင်းကျယ် ”
ဦးအောင်ဘညို ဖိုးသားလက်ကို လှုပ်ရမ်းရင်းပြောလိုက်မိသည်။
“ကဲ သားရေ သွားကြရအောင်၊ နေမြင့်သွားရင် ငါ့သားရေမပက် လိုက်ရဘဲနေမယ်”
.................................................................................
{ ဘုရားသခင်ကြွေအံ မကစားသလို အချစ်သည်လည်း တူတူပုန်းတမ်းမကစားပေ။
ဖုံးကွယ် မေ့ဖျောက်၍ရနိုင်သော အချစ်သည် အချစ်စစ်မဟုတ်ပါ။
မိမိ၏ ချစ်ခြင်း အတိမ်အနက်ကိုသိလိုသူသည် ချစ်သူကိုမေ့ဖျောက်ကြည့်ခြင်းဖြင့် စမ်းသပ်ကြည့် နိုင်၏။}
.......................................................................................................
အခန်း (၄၀)
“မကျော်ကျော် အေးအေးဆေးဆေး နေချင်နေခဲ့ လေ၊ ကျွန်တော် ကားထဲကဖြစ်ဖြစ် လဘက်ရည်ဆိုင်က ဖြစ်ဖြစ် စောင့်နေမယ်”
သဘောကောင်းတဲ့ ဒေါက်တာမောင်မောင်စန်း ကို ကျော်ကျော်ပြုံးပြလိုက်ရင်း
“ဟိုမှာ လူရှိချင်မှ ရှိမှာဆရာ ရဲ့၊ ခနလေးပါ”
လှေခါးထစ်တွေကိုတက်ရင်းရတဲ့ အငွေ့အသက်တခုက ကျော်ကျော့် ရင်ထဲကိုမြေ့မြေ့လေးဖြစ်သွားစေတယ်။ အနည်းဆုံးသုံးလ လောက်ရန်ကုန်မြေကနေ ခွာရတော့မှာမို့ လိုတဲ့ပစ္စည်းတွေ လိုက်ဝယ်ရင်း ဒီဖက်ကိုဝင် လာမိတာ ကျော်ကျော် မှားများမှားနေပြီလားလို့ ဇဝေဇဝါ ဖြစ်ရင်း ပိတ်ထားတဲ့ တံခါးကို လက်ဖျားလေးနဲ့ အ သာတို့ကြည့်ရင်း စဉ်းစားနေမိပါတယ်။
“ဒီအခန်းပဲ ဆရာ”
စာဗူး အဖုံးလေးကိုဖွင့်ပီး လက်နှိုက်စမ်းကြည့် လိုက်တယ်။ ဗလာသက်သက်ဖြစ်နေမယ့် အစားမာမာ အထုပ် လေး တခုကို စမ်းလိုက်မိချိန်မှာ ကျော်ကျော် ဒီကို ရောက်လာခဲ့ခြင်းက ရူးသွပ်မှုတခုသက်သက် မဟုတ်ဘူး ဆိုတာသေချာသွားတယ်။ ဗူးထဲမှာ ဘာမှမရှိရင်တော့ ဒီလှေခါးအတိုင်း ပြန်ဆင်းသွားရုံပဲလေ။ မျက်ရည်ဝဲ ရာကနေ ကျမလာအောင်စိတ်ကိုတင်းရင်း ပတ်ထားတဲ့ တိပ်တွေကို တုန်ရင် တဲ့ လက်နဲ့ ခွာနေတာကို ဒေါက်တာမောင်မောင်စန်း မနေသာတော့ဘဲ
“ပေးလေ မကျော်ကျော်၊ ကျွန်တော်လုပ်ပေးမှာပေါ့”
ကားသော့ နဲ့ ချိတ်ထားတဲ့ ကပ်ကြေးသေးသေးနဲ့ ခွဲဖြတ်လိုက်လို့ လွယ်လွယ်ပွင့်သွားပြီးသော့တစုံထွက်လာ တော့
“မိုက်လှချည်လား၊ စောစောက ပြောရောပေါ့ ကျွန်တော်လာနေပါတယ်”
“ဆရာ့ ကားပေါ်မှာ တိပ်ပါမလားဟင်၊ ပြီးရင်ပြန်ကပ်ထားဖို့”
“ပါမယ် ထင်တယ်၊ ကျွန်တော်သွားယူလိုက်ဦးမယ်”
“တံခါးဖွင့်ထားမယ် ဆရာ၊ တန်းဝင်လာလို့ရတယ်”
ဒေါက်တာမောင်မောင်စန်း ပြန်ဆင်းသွားတော့ ကျော်ကျော်လည်း တံခါးဖွင့်ပြီးဝင်လိုက်တယ်။ မှောင်ကုပ် ကုပ် နဲ့ ဆီးကြိုနေတဲ့ အခန်းက ကျော်ကျော် ပထမဆုံးရောက်လာ တဲ့ နေ့ကလိုပါပဲ။ နောက်ပြီး ကျော်ကျော် ထွက်သွားတဲ့ နေ့ကအတိုင်းပါပဲ။ ဖုန်တွေတော့ နည်းနည်းတက်နေပြီ။
အရေးအကြီးဆုံး အရာကိုရှာဖွေဖို့ အတွက် ကျော်ကျော် အိပ်ခန်းထဲကို အပြေးတပိုင်းဝင်မိတယ်။ မှန်တင်ခုံ ပေါ်မှာတင်ထားတဲ့ ဖုန်းက ဒီအတိုင်းပါပဲ။ ဘေးမှာချထားတဲ့ charger လေးကလဲ ဒီအတိုင်းပဲ။ ဖုန်းအောက် က စာရွက်ခေါက်လေး ကတော့မရှိတော့ဘူး။
မျက်စိကို မှိတ်ပြီးကုတင်ပေါ်ထိုင်ချလိုက်မိတယ်။ ဦးအောင်ဘညို ဒီနေရာကိုရောက်ခဲ့တာသေချာသွားပြီ။ စာ ဗူးထဲက သော့ကြောင့် ဇဝေဇဝါဖြစ်နေတာတွေ ပျယ်လွင့်သွားပြီးကျော်ကျော် ငိုချင်တာပဲသိတော့တယ်။ သူ လာသွားရက်သားနဲ့ ဖုန်းကို ဘာလို့ထားခဲ့ရတာလဲ။ သော့ကိုဘာလို့ မယူသွားတာလဲ။ ကျော်ကျော် ပြန်လာမယ် လို့ သူမျှော်လင့်နေတာလား။ မျက်ရည်တစက်က ထိန်းမရဘဲ ပေါက်ကနဲကျလာတာကြောင့် အိတ်ထဲကလက်ကိုင်ပဝါထုတ်ပြီး မျက်လုံးကိုတို့လိုက်ရတယ်။
ကျော်ကျော် ဘာမှမမျှော်လင့်ချင်တော့ပါဘူး။ ရှေ့ဆက်မသွားတော့ဘူးလို့ ဆုံးဖြတ်ပြီးသားပါ။ ဒါပေမယ့် သော့ နဲ့ ဖုန်းက ကျော်ကျော့် ရင်ကို ကိုင်လှုပ်နေသလိုပဲ။ သဲထဲကိုရေသွန်ချတာ၊ ရေပေါ်မှာ အရုပ်ရေးတာဘယ်လိုမှ မဖြစ်နိုင်တဲ့ အရာတွေမှန်း ကျော်ကျော့်ထက် ရင့်ကျက်တဲ့ ဦးအောင်ဘညို ပိုသိမှာပါ။ စိတ်ကို ယတိပြတ် ဆုံးဖြတ်ပြီးသွားမှ စိတ်ရူးပေါက်ပြီး တခေါက်လာကြည့်မိတဲ့ အခါ ညပေါင်းရာနဲ့ ချီပြီး ကျော်ကျော်ခိုလှုံခဲ့ရတဲ့ အခန်းလေးက တိတ်ဆိတ်နေပေမယ့် ကျော်ကျော့် ကို စကားတွေ အများကြီးပြောနေသလိုပဲ။
ရွှေရည်သာသိရင် “နင်ရူးတုန်းပဲလား” လို့ ပက်ပက်စက်စက် ပြောမှာသေချာတယ်။ဖုံးတဝက် ဖေါ်တဝက်နဲ့ မပြောမဖြစ်တဲ့ အကြောင်းအရာတွေကို ပြောပြမိတော့ ရွှေရည် ဆွေ့ဆွေ့ခုန်အောင် ဒေါသတွေထွက်ပြီး
“ပြောစမ်း၊ ဘယ်က အကောင်လဲ၊ ငါလိုက်သွားပြီး ပါးဆွဲ ရိုတ်ပစ်လိုက်မယ်၊ နှမချင်းမစာတဲ့ကောင်၊ ဘယ်က လဲ၊ နင့်အလုပ်ထဲကလား”
“မဟုတ်ပါဘူး အပြင်ကပါ”
“နင် ဟာလေ …ပြောစမ်းပါ၊ ငါ့ကိုပြောစမ်းပါ၊ ဘယ်မှာလဲ အဲဒီကောင်”
“သူ ….သူ …..နိုင်ငံခြားသွားပြီ”
“နင့် ဒီကိစ္စ သူမသိဘူးလား”
“မသိဘူး”
“ဒါဆိုလဲ သူဘယ်သွားတာလဲ၊ ဆက်သွယ်လို့ရရင် အကျိုးအကြောင်းပြောပြပေါ့”
“အဲဒါလဲ ငါမသိဘူး၊ ငါသိတာက ငါတို့ ဇာတ်လမ်းက ပြီးသွားပြီ၊ ထပ်ဆက်စရာ မရှိတော့ဘူး၊ သူ့ကိုဆက် သွယ်လို့လဲ ဘာမှမထူးဘူး”
ကျော်ကျော် ဦးအောင်ဘညို ရဲ့တိုက်ခန်းကနေခွာမယ် ဆိုတော့ အရင်ဆုံးသတိရတာ ရွှေရည်ပါ။ ရန်ကုန်မှာ ကျော်ကျော် အခင်မင်ဆုံးနဲ့ အယုံကြည်နိုင်ဆုံး သူငယ်ချင်းကောင်းက ရွှေရည်ပဲ ရှိတယ်လေ။
“နေပါဦး နင့်ကိုငါမေးတုန်းက ရည်းစား မရှိပါဘူးဆို၊ နင့်ပုံစံကိုကြည့်ပြီး မသင်္ကာလို့ ငါမေးတာ၊ ခုတော့နင့် ဟာက ရည်းစားတောင် မဟုတ်တော့ဘူး”
“ငါကို က မိုက်တာပါရွှေရည်ရယ်၊ ငါ့အပြစ်ပါ”
“အလိုတော်၊ ဟိုကအပြစ် မရှိဘူးလို့ နင်ပြောချင်တာလား၊ ပြောလိုက်ရရင် မကောင်းဘဲ ရှိတော့မယ်၊ နင်က အတင်းတက်လုပ်လို့ ခုလိုဖြစ်လာတာမို့လို့လား”
ကျော်ကျော့် ရဲ့ နေရာသစ် အခန်းကျဉ်းလေးထဲက ကုတင်လေးရွှေရည့် ဒေါသနဲ့ သွက်သွက်ခါနေတယ်၊ နေ့ လည်နေ့ခင်း လူရှင်းတဲ့ အချိန်ဖြစ်နေတာကြောင့်သာတော်တော့တယ်။ အန်တီအေး အဆောင်မှာ ကျော် ကျော် ပြန်မနေချင်တာကြောင့် တမှတ်တိုင်လောက်ပဲ ဝေးတဲ့နေရာ မှာ ရွှေရည်က အခန်းရှာပေးခဲ့တယ်လေ။
“အခုဟာ နင်ကလည်းသူ့ကို မဆက်သွယ်ချင်ဘူး ဆိုတော့၊ သူက တာဝန်မယူနိုင်တဲ့ အနေအထားမျိုးရှိလို့လား၊ တာဝန်မယူချင်ဘူး တဲ့လား”
“ဒီလို မဟုတ်ပါဘူးဟယ်၊ သူလဲ မသိပါဘူး၊ ငါမှားခဲ့တာပဲထားလိုက်ပါတော့ သူငယ်ချင်းရယ်”
“သူက အိမ်ထောင်ရှိနေလို့လား”
ဒီတခါတော့ ကျော်ကျော် မဖြေနိုင်တော့ဘူး။ အိပ်ယာပေါ်မှောက်ပြီး ရှိုက်ကြီးတငင်ငိုချလိုက်မိပါတယ်။
“မိုက်လိုက်တာကျော်ကျော်ရယ်၊ နင်စိတ်ကြီးတာတွေ စိတ်မာတာတွေ ဘယ်ရောက်ကုန်လဲ၊ အရင်တုန်းကယောက်ျားတွေ ကို ရှိတယ်တောင် မမှတ်တဲ့ မိန်းမ ဘာဖြစ်သွားတာလဲ”
“နင့်စေတနာ ကိုငါနားလည်ပါတယ် ရွှေရည်ရယ်၊ ဒါပေမယ့် ငါ့ဘ၀ နဲ့ငါရှိပါစေတော့”
ငိုရင်းနဲ့ ရွှေရည့် ကိုဖက်ပြီးပြောမိတော့ ရွှေရည်လဲ မျက်ရည်ကျလာတယ်။
“ငါ မခံနိုင်လွန်းလို့ ပြောမိတာပါ သူငယ်ချင်းရယ်၊ နင့်အတွက် ငါအားလုံးလုပ်ပေးမှာပါ”
ပြောင်းလာခါစရက်တွေမှာ စိတ်နဲ့လူမကပ်တဲ့ ကျော်ကျော့် အတွက် ရွှေရည် အတတ်နိုင်ဆုံးကူညီရှာပါတယ်။အားတာနဲ့ လာအဖေါ်လုပ်ပေးသလို စားဖို့သောက်ဖို့တောင် မေ့နေတတ်တဲ့ ကျော်ကျော့် ကို ချက်ပြုတ်ကျွေး ပြီး အားပေးပါတယ်။
“အစားအသောက် ဂရုစိုက်ပါသူငယ်ချင်းရယ်၊ နင့်ကိုယ်နင် မသဒ္ဒါရင်တောင် ဟိုမျိုးမစစ်က ရှိသေးတယ်”
“ငါ့ ကလေးပါဟယ်။ မျိုးမစစ်လို့ မပြောပါနဲ့”
“နင် ကစစ်ပေမယ့် သူ့အဖေက မစစ်ဘူးလေ၊ ခွေးတိရစ္ဆာန် ၊ သူတောင်းစား”
“ငရဲကြီးနေပါဦးမယ်၊ မပြောပါနဲ့ ရွှေရည်ရယ်”
“ငရဲကြီးရအောင် ဒင်းက ဘာဖြစ်နေလို့လဲ၊ နင်ကသူ့ဖက်က နာချင်သေးလား၊ နင်ရူးနေပြီ ကျော်ကျော်”
ရွှေရည်ပြောတော့လည်း ငုံ့ခံလိုက်ရုံပါပဲ။ ဦးအောင်ဘညို က ရွှေရည်တို့ ကျော်ကျော် တို့ထက် အသက် အ များကြီး ကြီးတယ် ဆိုတာပြောလို့လဲ မဖြစ်ဘူးလေ။
“ငွေရေးကြေးရေးကလဲ ရှိသေးတယ် ကျော်ကျော် ရဲ့။ ငါ့မှာစုထားတာ တသိန်းလောက်တော့ ရှိမယ်၊ နင်လို ရင်ပြော။ မမကြူဆီက ချေးလို့လဲ ရမှာပါ”
“မမကြူဆီက တော့ မယူပါရစေနဲ့ဟာ၊ ငါ့ဆီမှာလည်း ရှိပါတယ်။ ဒီကြားထဲ အလုပ်လုပ်ဦးမှာပါ”
ရွှေရည် က ကျော်ကျော့် ဗိုက်ကို လှမ်းကြည့်တယ်။
“အဝေးကြီး ရှိပါသေးတယ်ဟာ”
နေရာသစ်မှာ နေသားနည်းနည်း ကျတော့ ဒေါ်ခင်သိန်းရီ နဲ့ပြန်ဆက်သွယ်တယ်။ အလုပ်ထွက်တဲ့ နေ့က အန် တီ့ကို နှုတ်ဆက်ကန်တော့ရင်း ဖြစ်နိုင်ရင် ကျော်ကျော် ဒေါ်ခင်သိန်းရီနဲ့ အဆက်အသွယ်ရှိနေသေးတယ် ဆိုတာကို ဦးအောင်ဘညို မသိစေဖို့ တောင်းပန်ခဲ့ပါတယ်။ ကျော်ကျော် ဖုန်းဆက်တော့ ဦးအောင်ဘညို လာသွားတဲ့ အကြောင်း အန်တီကပြောပြတယ်။
“အန်တီနဲ့တော့ မတွေ့လိုက်ဘူး၊ ကျော်ကျော် က သူ့ခယ်မ ဆို”
“ဟုတ်ပါတယ် အန်တီ၊ ဒါပေမယ့် သမီး သူတို့နဲ့ ထပ်ပြီးမပတ်သက်ချင်တော့လို့ပါ။ အဲဒီကိစ္စ တွေက ပြောမပြ ချင်အောင်ကို ရှုပ်တယ် အန်တီ၊ အဲဒါကြောင့်ပါ”
လူမှုရေးနားလည် တဲ့ ဒေါ်ခင်သိန်းရီ က ဘာမှထပ်မမေးဘဲ ကျော်ကျော့် ကိုနောက်ထပ် အလုပ်တခုရဖို့ ကူညီ ပေးပါတယ်။ အလုပ်ရတော့ ဒေါ်ခင်သိန်းရီ အိမ် ကို အင်္ကျ ီပွပွလေး ဝတ်ပြီးသွားကန်တော့ပါတယ်။ ကျော်ကျော့် အခြေအနေ က သိပ်မသိသာပေမယ့် မိန်းမချင်း ဆိုတော့ မြင်တတ်ကြတယ် မဟုတ်လား။ဒေါ်ခင်သိန်းရီ ရဲ့ကျေးဇူးတွေ ကျော်ကျော့် အပေါ်မှာ အများကြီးရှိတယ်။ သူ့လက်အောက်မှာလုပ်ကထဲ က ကျော်ကျော့် ကို သိသိသာသာ အရေးပေးတယ်။ ဒါကလည်း ဦးအောင်ဘညို ကျေးဇူးမကင်းဘူးဆိုရမယ်။ ဒေါ်ခင်သိန်းရီ နဲ့ ဘယ်လိုဆက်ဆံရမယ်၊ ဘာကြိုက်တယ် ဆိုတာ သူပဲသင်ပေးခဲ့တာလေ။
“မကျော်ကျော်၊ မကျော်ကျော်”
အပြင်ခန်းက ဒေါက်တာ မောင်မောင်စန်း အသံကြားလိုက်ရလို့ အခန်းပြင်ပြေးထွက်လာမိတယ်။ လမ်းမှာ မလုံ မလဲနဲ့ မျက်လုံးကို လက်ကိုင်ပဝါနဲ့ ပွတ်သွားရသေးတယ်။
“ဒီမှာ ဆရာ၊ လာပြီ လာပြီ”
“ကားထဲမှာ မတွေ့လို့ ဆိုင်မှာ သွားဝယ်နေရလို့ကြာသွားတယ်”
အသားလတ်လတ်မျက်မှန်ဝိုင်းဝိုင်း၊ မျက်နှာပြည့်ပြည့် နဲ့ ဆရာဝန်ဟာ စကားကိုအဆက်မပြတ်ပြောတတ်တဲ့ အကျင့်ရှိပေမယ့် သူများ ကို ကူညီဖို့ အမြဲအဆင်သင့် ရှိနေသူပါ။ သဘောလဲ အရမ်းကောင်းတယ်။ ကျော်ကျော့် ရဲ့ အလုပ်သစ်မှာ ကျော်ကျော့် ရဲ့ အခြေအနေကို ဆရာဝန်ပီပီ အရင်ဆုံးသတိထားမိသူလည်း ဖြစ်ပါတယ်။ ခင်ပွန်းသည်က နိုင်ငံခြားမှာ အလုပ်သွားလုပ်နေတယ် ဆိုတဲ့ ဇာတ်လမ်းက နောက်အလုပ်မှာ အဆင်ပြေသွားလို့တော် သေး တယ်။
“အားနာလိုက်တာ ဆရာရယ်၊ ကျွန်မ ပိုက်ဆံပြန်ပေးမယ် နော်”
“ဒီလောက်လေး ပြောမနေစမ်းပါနဲ့၊ ကိုယ့်မောင်နှမချင်းပဲလို့”
ဒေါက်တာ မောင်မောင်စန်းက နဲနဲတော့ နွဲ့တယ်။ ချက်ချင်းဆိုရင် မသိသာပေမယ့် တရက်နှစ်ရက်လောက် တရင်းတနှီး နေလိုက်ရင် သူ့အကြောင်းသိသွားရော။ အရင်အလုပ်မှာ ချမ်းဟိန်းအေး ပေးခဲ့တဲ့ ဝေဒနာ ကြောင့် ဒီအလုပ်မှာ ယောက်ျားတွေနဲ့ အရောတဝင်နေဖို့ တွန့်ခဲ့ပေမယ့် ဒေါက်တာ မောင်မောင်စန်း ကို တော့ ခင်လဲခင်မိတာနဲ့ တရင်းတနှီးနေခဲ့ပါတယ်။
ယောက်ျားက အဝေးမှာရောက်နေတဲ့ မိန်းမသားတ ယောက် အနေနဲ့ ဒီဆရာဝန်နဲ့ တရင်းတနှီးနေလို့လည်း လူပြောလွတ်တယ်လေ။ အားလုံးသူ့ အကြောင်း သိကြတာကိုး။ အသက် ၃၀ ကျော်တဲ့ အထိ လူပျိုကြီးလုပ်နေတဲ့ သူ့ကို တချို့က မောင်မောင်စန်း မဟုတ်ဘူး မမစန်းလို့ ကွယ်ရာ မှာပြောတတ်ကြပေမယ့် ကျော်ကျော် ကတော့ အခင်အမင်မပျက်ပါဘူး။ လူဆိုတာကိုယ့်ဘ၀ ကိုယ်ရွေး ချယ်ခွင့် ရှိတယ် မဟုတ်လား။
“ခနနော် ဆရာ၊”
“ရပါတယ် ဆိုနေမှပဲ”
အခန်းထဲ တခေါက်ပြန်ဝင်လိုက်တယ်။ တကယ်လို့များ ဒီကိုလာကြည့်တဲ့ သူရှိရင် ကျော်ကျော်လာသွား ကြောင်း သိနိုင်အောင် ဖုန်းနဲ့ charger ကို အိပ်ယာဖုံး အဖြူရောင်ပေါ်ပြောင်းတင်ထားလိုက်တယ်။ ဘာ ဖြစ်လို့ ဒီလို စိတ်ကူးပေါက်ရတယ် ဆိုတာတော့ကျော်ကျော် မစဉ်းစားချင်တော့ပါဘူး။ တခန်းလုံး အနေ အထားကို တချက်ဝေ့ကြည့်လိုက်ပြီး အခန်းထဲ ကပြန်ထွက်လာခဲ့တယ်။
“သွားမယ် ဆရာ”
အခန်းတံခါးကို သော့ခတ်ပြီးတိတ်နဲ့ ပြန်ပတ်တော့ ဒေါက်တာ မောင်မောင်သန်းက ဘောင်းဘီအိတ်ထဲက တစ်သျှူးတရွက်ထုတ်ပေးတယ်။
“ဒါနဲ့ ပတ်ပြီးမှ တိပ်ပတ်ပါလား”
“ကျေးဇူးပဲ ဆရာ”
“ကဲပါလေ၊ ကျွန်တော့်ပဲပေးပါတော့၊ ကျွန်တော်က ပတ်တီးစည်းတာကျွမ်းတယ်”
တစ်သျှူးပတ်ထားတဲ့ သော့ထုပ်ကို ဒေါက်တာမောင်မောင်စန်းက သေသေသပ်သပ်တိပ်ပတ်ပေးတယ်။ နောက်ဆုံး အစကို ကပ်ကြေးလေးနဲ့ ဖြတ်လိုက်ပြီးတော့
“လက်ရာကောင်းတယ်နော်”
“ကောင်းတာပေါ့ ဆရာရဲ့”
ကျော်ကျော် စာဗူးလေးထဲကို သော့ထုတ်ထည့်ပြီး သက်ပြင်းလေးချလိုက်မိတယ်။ လှေခါးက ဆင်းလာရင်း ဒေါက်တာမောင်မောင်စန်းက
“ဗိုက် အပ်ချင်စိတ်ပေါက်သွားပြီလား”
“ရှင်”
“အော် အခုန ကျွန်တော် ထုပ်ပေးလိုက်တဲ့ လက်ရာကြည့်ပြီးသက်ပြင်း ချတော့ ကျွန်တော့်ဆီ ဗိုက်မအပ် လိုက်ရလေခြင်း ဆိုပြီး နောင်တရသွားလားလို့”
“မဟုတ်ပါဘူး ဆရာရယ်”
သူက ဒီလိုပဲ ပေါက်တီးပေါက်ရှာသိပ်ပြောတတ်တာ။
“မကျော်ကျော် ရိုးရိုးမွေးမှာလား၊ ခွဲမွေးမှာလား”
“မပြောတတ်သေးပါဘူး ဆရာရယ်၊ အဝေးကြီး လိုပါသေးတယ်၊ နောက်ပြီး ကျွန်မကလည်း နယ်မှာပဲပြန်မွေးမလားလို့၊ ရန်ကုန်က စရိတ်ကြီးတယ်လေ”
ဒီကိစ္စ နဲ့ပတ်သက်ပြီး ရွှေရည်က ကူညီမယ်လို့တော့ပြောထားတာပဲ။ ပလက်ဖေါင်းပေါ်ရောက်တော့ ကားရပ် ထားတဲ့ ဆီကိုသွားရင်း အိမ်ခန်းကို တချက်မော့ကြည့်မိသေးတယ်။ နောက်တခါ မလာတော့ဘူးလို့လည်း စိတ်ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် ဗူးထဲက သော့နဲ့ နေရာပြောင်း ထားခဲ့တဲ့ ဖုန်းရဲ့ အခြေအနေ ကို ပြန်လာ ကြည့်ချင်တာတော့ အမှန်ပဲ။ ကျော်ကျော် အတွေးနဲ့ ငြိမ်နေတဲ့ အချိန်မှာ စကားမပြောရရင် မနေနိုင်တဲ့ ဒေါက်တာ မောင်မောင်စန်း က
“အင်းပေါ့ ဒါလဲ ကောင်းပါတယ်၊ ကျွန်တော့် ဆီမှာ မအပ်တာလဲ ကောင်းတယ်”
“ဘာဖြစ်လို့လဲ ဆရာ”
“အော် ကိုယ့်နှမ ဆိုတော့လေ စေတနာနဲ့ ပိုပိုသာသာလေး ချုပ်ပေးလိုက်မိမှာ စိုးလို့”
“ဟာ ဆရာနော်”
သူဘာကိုနောက်တယ် ဆိုတာတွေးမိလို့ ကျော်ကျော် ရှက်ပြီး ဒေါက်တာမောင်မောင်စန်း လက်မောင်းကို လှမ်းရိုတ်လိုက်မိတယ်။ အရိုတ်မှာ ခြေချော်သွားလို့ သူကပဲပြန်ထိန်းပေးရင်း
“ဟင်း ဒီက ပိုချုပ်ရင် ပိုနာတယ်ပြောမလို့ဟာကို သူ့ဟာသူ ဘာသွားတွေးနေတာလဲ”
ကျော်ကျော် ပြန်ပြောမလို့ လုပ်ရင်းလမ်းတဖက်မှာ မြင်လိုက်ရတဲ့ကားနက် တစီးကြောင့် ဘာမှမပြောနိုင် တော့ဘူး။ ကားကတော့တူတယ်။ ဒါမျိုးကားတွေ ရှိတတ်လို့ ဟုတ်ချင်မှလဲဟုတ်မယ်။ နံပါတ်ကို မမြင် လိုက်လို့ သေတော့ မသေချာဘူး။ ဒါပေမယ့် ဟုတ်မဟုတ်လဲ သေချာအောင် ကျော်ကျော် မကြည့်ရဲပါ ဘူး။ ကျော်ကျော့် မှာ လမ်းထွက်တိုင်း ဒီလိုကားမျိုးတွေမြင်ရင် အမြဲလန့်နေရတာ မဟုတ်လား။ ခပ်ဆင်ဆင် မြင် တာနဲ့ကို ဝေးဝေးကရှောင်မိတယ်။
“ဘာဖြစ်တာလဲ မကျော်ကျော်”
“ဘာမှမဖြစ်ပါဘူး ဆရာ၊ ခြေချော်တော့ လန့်သွားတာ”
“ဖြစ်ရမယ် ဖြစ်ရမယ်၊ လမ်းကလဲ ဗွက်တွေနဲ့၊ လာလာကျွန်တော့်ကိုကိုင်ထား။ လဲမှ အထဲကဟာပြုတ်ကျ သွားလို့ ကိုကို ပြန်လာရင်ပြစရာ မရှိဘဲနေမယ်၊ ဆရာဝန် ပါရက်သားနဲ့တော့ ဒါမျိုး အဖြစ်မခံ နိုင်ဘူး၊ မနက်ဖြန်လည်း ခရီးထွက်ရဦးမယ် မဟုတ်လား”
ဒေါက်တာမောင်မောင်သန်း လက်ကိုကိုင်ရင်း သူ့ကိုယ်လုံးနဲ့ ကွယ်ပြီး နောက်ကို ချောင်းကြည့်မိတယ်။ ကား ကြီး တစီးကွယ်သွားလို့ စောစောက ကားနက်ကို တခြမ်းဘဲမြင်ရတော့တယ်။ တခြားကားတစီးနဲ့ ကွယ်နေလို့နံပါတ်ကိုလည်း မမြင်ရတော့ဘူး။ ဦးအောင်ဘညို ကား မဟုတ်ဘူးလို့တော့ ကျော်ကျော်ထင်မိပါတယ်။ ဒီနားမှာ လာရပ်ထားစရာ အကြောင်း မရှိတော့ဘူးလေ။ ကျော်ကျော့် စိတ်ထင်တဲ့ အတိုင်းယူဆထားတဲ့ အတိုင်း ပြောရရင် အားလုံးက အိပ်မက်တခုလိုပဲ ပြီးသွားခဲ့ပါပြီ။
.................................................
{ အချိန်ဆိုသည်မှာ နောက်ပြန်လှည့်၍လည်းမရ၊ ခုန်ဆင်းပြီးနေခဲ့ရန်လည်း မဖြစ်နိုင်သည့် ရထား တစီး ဖြစ် မည် ဆိုပါလျှင် လူသားသည် ထိုရထားပေါ်က ခရီးသွားတယောက်ဖြစ်လိမ့်မည်။နောင်တဆိုသည်မှာကား ဘေးမှာအတင်းလာထိုင်၍ မကြားချင်သောစကားတွေကို အလျှင်မပြတ်ပြောနေ သည့် အလိုက်ကမ်းဆိုး မသိသော ခရီးဖေါ် ဖြစ်သည်။}
..................................................
အခန်း (၄၁)
ဒီနေရာကို ဘာဖြစ်လို့ရောက်လာသနည်းဟု ဦးအောင်ဘညို စိတ်ရှုပ်ရှုပ်နှင့် တွေးနေမိသည်။ လမ်းကြုံနေတာလည်း အမှန်တကယ်ဖြစ်သလို မိုးရွာပြီးစ ရာသီဥတုက ဒီလမ်းထဲကို ကားချိုးကွေ့လိုက်မိဖို့ တနည်း တ ဖုံ တိုက်တွန်းနေသလို ရှိသည်။ တိုက်ခေါင်မိုးတွေကြားထဲက ကောင်းကင်ပြင်လို ဦးအောင်ဘညို ခေါင်းထဲ မှာလည်း အုံ့မှိုင်းနေ၏။ အရာအရာ တိုင်း ထပ်တူကျဖို့မလွယ်ပါ။ တချိန်တုန်းကလည်း ဒီနားတဝိုက်မှာ ဒီလိုရာ သီဥတု မျိုးအတိုင်း ရှိနေခဲ့ဖူးသည်။ အနက်ရောင် အင်္ကျ ီ၊ အပြာရောင်ထမိန်ဖြင့် ဖြတ်လျှောက်သွားသည့် မိန်းကလေး တယောက်၏ နောက်ပိုင်းမြင်ကွင်း ကို မျက်လုံးထဲမှာ ပြန်ပြီးမြင်ယောင်နေမိသော်လည်း ဟို ခပ် လှမ်းလှမ်း မှာမြင်နေရသည့် လှေခါးထစ်တွေ အတိုင်းတက်သွားလျှင် သူမကို တွေ့ရလိမ့်မည်ဟု ဦးအောင် ဘညို မတွေးရဲပါ။
ကားထဲမှာထိုင်ကာငေးနေသော ဦးအောင်ဘညို ဘေးက မိန်းကလေးတွေ အများကြီးဖြတ်သန်းသွားကြ သော်လည်း တယောက်မှ ကျော်ကျော် မဟုတ်ပါ။ ဒီနေ့ထက်တိုင် သတင်းအစအန လည်းမရ၊ လူကိုလည်း အရိပ်အယောင်တောင် မမြင်ရသည့် ကျော်ကျော့် ကို ရှာဖွေခြင်းကို လက်လျှော့လိုက်လျှင် ကောင်းလေမည် လား ဟု စဉ်းစားနေမိချိန်မှာမှ ဒီဖက်လာဖို့ကိစ္စပေါ်ခြင်း ကိုထူးဆန်းသည် ဟုတော့မဆိုသာပါ။ ကိစ္စပြီး၍ကိုယ့်လမ်းကိုယ် ဆက်မသွားဘဲ ဒီထဲဝင်လာသည်ကိုသာ ဦးအောင်ဘညို မကျေမနပ်ဖြစ်နေမိသည်။
ကျော်ကျော် ရန်ကုန်မှာပဲ ရှိနေသေးသလား၊ ဒါမှမဟုတ် သူမ၏ စာထဲကအတိုင်း တနယ်တကျေးကိုထွက် သွားပြီလား ဆိုတာသိချင်သည့် စိတ်တော့ ဦးအောင်ဘညို မှာရှိသည်။ ဦးအောင်ဘညို သိထားသည့် ကျော်ကျော်မေ သာဆိုလျှင် ဒီအိမ်ခန်းကို ပြန်လာနေမည့် အကြောင်း မရှိပါ။ သို့သော်လည်း ကျော်ကျော် ရှိရှိ၊ မရှိရှိ အခန်းအခြေအနေ ကိုတက်ကြည့်ချင်စိတ်လည်း ရှိနေ၍ ချီတုံချတုံဖြစ်နေမိ၏။
“သွား ကြည့်လို့ ထူးမယ်မထင်ပါဘူး”
တကယ်လို့ကျော်ကျော် ပြန်လာချင်စိတ်ဖြစ်လို့ ပြန်လာလျှင် ဒီတိုင်းတော့နေမည် မဟုတ်။ ဒီမှာပြန်လာနေ မှ တော့ ဦးအောင်ဘညို ကိုပြန်ဆက်သွယ်လာမည်မှာ မလွဲပေ။
“ဟာ”
အံသြစိတ်ကြောင့် ဦးအောင်ဘညို ပါးစပ် က အသံပင်ထွက်သွားသည်။ လှေခါးဝမှာ ပေါ်လာတာ ကျော် ကျော် ဖြစ်သည်။ ကားပေါ်ကဆင်းဖို့ တံခါးလက်ကိုင်ဆီရောက် သွားသည့်လက်က ကျော်ကျော့် နောက်မှာ ကပ်လျှက်တွေ့ရသည့် ယောက်ျားတယောက်ကြောင့် တန့်သွား၏။ မတွေ့ရသည့်ရက်တွေ အတွင်းမှာ ကျော် ကျော် ဆံ ပင်တွေ ပိုရှည်လာသည်။ ဘေးက ယောက်ျားကို အပြုံးတဝက်နှင့် စကားပြောနေသည့် မျက်နှာလေးက အရင်ထက်ပိုပြီး ပြည့်တင်းဝင်းပနေ၏။ စကားပြောရင်း အပေါ်က အခန်းဆီ မော့ကြည့်တာမြင်ရသည်။သူမ၏ ထုံးစံအတိုင်း ရှပ်အင်္ကျ ီလိုလို ဘလောက်စ် ပွပွဝတ်ထားသော ကျော်ကျော် သည် အရင်ထက် ကြည့် လို့ ကောင်းနေသည်။
ကျော်ကျော် သူ့သူငယ်ချင်း မ ကိုပြောပြခဲ့ သည့် သူမယောက်ျားဆိုတာလားဟု ကျော်ကျော့် ဘေးကလူကိုသေသေချာ ချာကြည့်မိ သည်။ အသက်သုံးဆယ်ဝန်းကျင် အသားလတ်လတ် နှင့် လူရည်သန့်တယောက်ဖြစ် သည်။ ကိုယ်လုံးကိုယ်ထည် ခပ်ပြည့်ပြည့် တွင်အနက်ရောင်ဘောင်းဘီနှင့် အနီရောင်စပို့ရှပ် ဝတ်ထားပြီး ကျော်ကျော့် ကို စကားတွေ တတွတ်တွတ် ကပ်ပြောနေသည့် မျက်မှန်နှင့် လူသည် နိုင်ငံခြားက ပြန်လာ သူများ လားဟု စဉ်းစားနေရင်း ကျော်ကျော်က သူ့လက်မောင်းကို မှီတွဲလိုက်သည်ကိုမြင်လိုက်ချိန်မှာ ဦး အောင် ဘညို မျက်လုံးကို ယောင်ပြီး မှိတ်လိုက်မိသည်။
မကြည့်ဘဲလဲ မနေနိုင်၍ နောက်တခါ ထပ်အကြည့်မှာ အံ့သြစရာတခုထပ်တွေ့ရပြန်သည်။ မပြင်းတပြင်း မိုးသက် လေက ကျော်ကျော့် အင်္ကျ ီကို ကိုယ်မှာကပ်စေသောအခါ မြင်လိုက်ရသည့် ကျော်ကျော့် ၏ ခုံးခုံး မောက်မောက် ဝမ်းဗိုက်သားက ဦအောင်ဘညို ပါးစပ်ကို အံ့အားတသင့်ဖြင့် ပွင့်ဟသွားစေ၏။
“မြန်လှချည်လား”
မှန်တင်ခုံ အံဆွဲထဲက ကျော်ကျော်သောက်သည့် ဆေးကဒ်ကလေးတွေကိုပြန်မြင်ယောင်လာ၏။ ဘာတွေဖြစ်ကုန်ပြီလဲ ဆိုတာကို ဦးအောင်ဘညို နားမလည်နိုင်တော့ပါ။ ကျော်ကျော် နောက်ဆုံးရေးခဲ့သည့် စာထဲက စာသားတချို့ကိုပြန်အမှတ်ရမိသည်။ မိန်းမဆိုသည်မှာ ကိုယ်ချစ်သည့်သူ၏ ရင်သွေးကို လွယ်ပိုးမွေးပေး ဖို့ ဘယ်တော့မှဝန်မလေး
ဟု ကျော်ကျော် ဆိုခဲ့၏။ ဦးအောင်ဘညို နှင့် အတူရှိစဉ်က ဆေးတွေသောက်ပြီး ကာကွယ်တားဆီး ခဲ့သောကျော်ကျော် သည် တခြားသောယောက်ျားတယောက် အတွက် သူမ၏ ဝမ်းကြာ တိုက်ကို ဖွင့်ပေးခဲ့ပေပြီ။ တဖြေးဖြေး ဝေးသွားသည့် အင်္ကျ ီအနီ နှင့်လူ၏ ကျောပြင်ကို ဦးအောင်ဘညို မကျေမချမ်း လိုက်ကြည့်နေမိသည်။
ဦးအောင်ဘညို ကားရပ်ထားသည့် ဖက်ကို ကျော်ကျော် တချက်လှမ်းကြည့်သည်ကို မြင်ရသည်။ သို့သော် လည်း ကျော်ကျော့် အမူအရာ က ဘာမှထူးထူးခြားခြား မတွေ့သလို အေးအေးဆေးဆေးပင်။ သမန်ကာလျှံ ကာ အကြည့် တချက်နှင့် မျက်နှာလွှဲသွား၏။
ကျော်ကျော်သာ ကိုယ့်စိတ်နှင့်ကိုယ် ဦးအောင်ဘညိုကို စွန့်ခွာလိုလျှင် အချိန်မရွေး ဦးအောင်ဘညို ခွင့်ပြု မည်သာ။ အခုတော့ ဦးအောင်ဘညို တို့မိသားစု အတွက်သူမ ကပဲအနစ်နာခံ၍ရှောင်ပေးသလိုလို လုပ်သွား သေး၏။ ယုံနိုင်ဖွယ်ပင်မရှိပေ။
“မလိမ့်တပတ်နဲ့ လုပ်သွားတယ်၊ …….တောက်”
ဒေါသတကြီးဖြင့် ဒီနေရာက ခွာဖို့ပြင်သည်။ ချက်ချင်းတော့ မထွက်ရဲသေး ကျော်ကျော်တို့ စုံတွဲနှင့် တိုးနေမှာစိုး၍ စက်နှိုးပြီးနောက် လီဗာကို တဗျင်းဗျင်း နင်းကာ ဒေါသဖြေရင်း ခနစောင့် နေလိုက်ပြီးမှ မောင်းထွက်ခဲ့ ၏။ ကျော်ကျော် တို့လည်း ကားပါသည် ထင်သည်။ မတွေ့တော့ပါ။ ဟိုလူ့ ပုံစံကလည်း ပြေပြေလည်လည်ရှိသည်။ကားမောင်း လာရင်းမှ အင်္ကျ ီအနီ မျက်မှန်နှင့် လူသည် ကျော်ကျော် ဆင်းမလာခင် မိနစ်ပိုင်းလောက်ကမှလှေခါးဝကို ဝင်သွားသူဖြစ်သည်ကို ပြန်သတိရ၏။ ကျော်ကျော့် ကိုလာကြိုတာဖြစ်မည်။
ဟိုအရင်ကရော ဒီလူ ဘယ်နှစ်ကြိမ်လာခဲ့ပြီးပြီနည်း။ လက်ကိုင်ဖုန်း တလုံးဝယ်ပေးထားမှတော့ ကျော်ကျော် အဆင်ပြေသလို အချိန်းအချက်ပြု လို့ရ နိုင်သည်။
“အောင်ဘညို မင်းလောက် သောက်သုံးမကျတဲ့ ကောင်ရှိဦးမလား”
လမ်းဘေးက ဆိုင်းဘုတ်တခုကို မြင်လိုက်ပြီးနောက် ကားကိုဘေးဆွဲချပြီးရပ်လိုက်သည်။ အရင်က ကျော် ကျော့် ဆီလာတိုင်း ရောက်လေ့ရှိသည့် စားသောက်ဆိုင်။
“ဟာ …. ဆရာ …လာလာ၊ မရောက်တာကြာပြီနော်”
အပြေးအလွှားကြိုလာသည့် စားပွဲထိုးလေးကို စိတ်မသက်မသာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ထောင့်ကျကျ စား ပွဲ တလုံးမှာ ဝင်ထိုင်လိုက်သည်။
“ထုံးစံ အတိုင်းတူးပက် ပေါ့ဆရာ၊ ဟုတ်လား”
“တလုံးယူခဲ့”
“ဗျာ”
“တလုံးယူခဲ့ လို့ပြောတာကွ”
ခက်ထန်တင်းမာသည့် ဦးအောင်ဘညို အသံကြောင့် စားပွဲထိုးလေးပျာပျာသလဲ နှင့် ကောင်တာဆီအမြန်ပြေးသွားသည်။ အရက်ပုလင်း လာချရင်း
“ဆရာ၊ ဆိုဒါ၊ ရေခဲ”
“ယူခဲ့ပေါ့ကွ”
“ဟိုဒင်း အမြည်းရောဆရာ”
“မင်းဟာမင်း ယူချင်ရာ ယူခဲ့ကွာ”
မနေချင်၍ ပြေးသူကိုမှ ပင်ပန်းတကြီးလိုက်ရှာမိသည့် အဖြစ်ကိုတွေးပြီးရင်နာမိသည်။ ရှာနေစဉ်အတွင်း ကျော်ကျော် နှင့် ရင်ဆိုင်မတိုးမိတာ တမျိုးကောင်းသည်ဟု လည်းတွေးမိ၏။ တွေ့ဖြစ်လျှင် စကားတွေပြော နေရဦးမည်။ ရှင်းပြီးသားဟာတွေပြန်ရှုပ်သလို လုပ်နေရဦးမည်။ အခန့်မသင့်လျှင် အရှက်ပါကွဲနိုင်သေးသည်။ ကျော်ကျော် နှင့် ဦးအောင်ဘညို ပတ်သက်မှုကိုဘယ်သူမှမသိ။ မသိကြသည့် ကိစ္စသည် မသိလိုက်သလိုပြီးသွားတာပဲ အကောင်းဆုံးဖြစ်သည်ဟု ဦးအောင်ဘညို တွေးနေမိ၏။
တွေ့စက တုန်ရီဖျော့တော့သည့် ကျော်ကျော့် ရုပ်သွင်ကိုပြန်မြင်ယောင်လာမိသည်။ ထိုအချိန်က ကျော် ကျော့် မှာသွားစရာ မရှိနေစရာမရှိ နှင့် ဒုက္ခ ရောက်နေသည့် မိန်းကလေး ကိုမှ လွန်ကျူးမိလေခြင်းဟု စိတ်မကောင်းဖြစ်ခဲ့ ရ သည်များကို တွေးမိတော့ပြုံးချင်သည်။
တကယ်လက်တွဲချင်သည့် သူကို တွေ့လာသည့် အချိန်တွင် သူ့ကိုအားနာပြီး ကျော်ကျော် ရေငုံနှုတ်ပိတ်ကာ ဆက်၍ လိုက်လျောနေခဲ့တာမျိုးလည်းဖြစ်နိုင်သည်။ ဖြစ်နိုင်လျှင် ကျော်ကျော် အစောကြီးထဲက ပွင့်လင်းစွာ ပြောပြထားခဲ့သင့်သည်။ ကျော်ကျော် ငွေကိုတန်ဖိုးထားသော်လည်း ငွေမက်သူမဟုတ်ဆိုတာ ဦးအောင် ဘညို ကောင်းကောင်းသိသည်။ သူပေးခဲ့သော ငွေကြေးတွေကို ကျော်ကျော် လိုလိုချင်ချင် ယူခဲ့တာမဟုတ်ဆိုခြင်းကို ရိပ်မိ၏။ ထို့ကြောင့် လည်း အလုပ်ရသည် နှင့် ပိုက်ဆံမပေးတော့ဖို့ပြောခဲ့ခြင်းဖြစ်သည်။ ကျော် ကျော် ဟန်ဆောင်ပန်ဆောင်ပြောတာ မဟုတ်ဟု ဦးအောင်ဘညို ယုံကြည်သည်။ ဒါဆိုလျှင် ကျော်ကျော် ဦးအောင်ဘညို ဆီကနေ စွန့်ခွာပြီး ဟိုတယောက်နှင့်လက်တွဲခဲ့ခြင်းသည် ငွေကြောင့် မဟုတ်နိုင်တာ သေ ချာ၏။
“ဒါဆို အချစ်ပဲပေါ့”
တီးတိုးရေရွတ်လိုက်ရင်း ဦးအောင်ဘညို ပြုံးမိသည်။ ကျော်ကျော် နှင့် ဦးအောင်ဘညို ကြားမှာအချစ်မရှိ။ အချစ်အကြောင်းလည်း မပြောခဲ့ကြဖူး။ ပြောရမည့် အခြေအနေလည်း မရှိ။ တကယ်တမ်းကျတော့ အိပ်ယာ ပေါ်က လိင်ဆက်ဆံရေးသက်သက်သာ ရှိခဲ့သည်။ မသူဇာတို့ မိသားစု အကြောင်းပေါ်လာချိန်တွင် ကျော် ကျော် စွန့်ခွာဖို့ အကောင်းဆုံးအကြောင်းအရာ ဖြစ်သွားသည်။ ဒီလောက် တိုက်တိုက်ဆိုင်ဆိုင် ဖြစ်အောင် ကံကြမ္မာ၏ ကျီစယ် ချက်ကလည်း တရားလွန်လွန်း၏။ ကျော်ကျော် သာ သူဇာတို့ နှင့် ဘယ်လိုမှ မပါတ် သက်ပါလျှင် ဘယ်လိုအကြောင်းပြချက်ပေးမည်နည်း ဟု ဦးအောင်ဘညို သိချင်နေမိသည်။ ပြောလို့တော့ မရ နိုင်ပါ။ ကျော်ကျော် က သူ့ဟန်အတိုင်း အေးစက်စက်တုံးတိတိဖြင့် ဇာတ်လမ်းကို ဖြတ်ကာထွက်သွားနိုင်သည်။
ဒါပေမယ့် သူမ စွန့်ခွာခဲ့ပြီးသည့် နေရာကိုဘာကြောင့်ကျော်ကျော် ပြန်လာသည်ကို စဉ်းစားလို့မရပါ။ လာတော့လည်းတယောက်ထဲ မဟုတ် ယောက်ျားတယောက်နှင့် တူတူလာသည်။ သူမ၏ ပစ္စည်းတချို့တလေကျန်ခဲ့လို့ လာပြန်ယူတာလည်း ဖြစ်နိုင်ပါသည်။ တအိမ်လုံးရှိသမျှ တခုမှမကျန်အောင်ယူသွားလည်း ဦးအောင်ဘညို ဂရုမစိုက်ပါ။ ကျော်ကျော့်၏ ခင်ပွန်းလို့ ယူဆနိုင်သည့် သူကိုပါခေါ်လာခြင်းကတော့ ဦးအောင်ဘညိုကို ခံရခက်စေ၏။
“ငါ မရှုံးပါဘူး”
ခွက်ထဲက လက်ကျန်ကိုတချက်ထဲ မော့ချလိုက်ရင်း ဦးအောင်ဘညို တွေးလိုက်မိသည်။ ကျော်ကျော့် ကို ထောက်ပံ့ပေးကမ်းခဲ့ရတာတွေက ဦးအောင်ဘညို အတွက် မပြောပလောက်သည့် ပမာဏသာ ဖြစ်သည်။ဒီ နှစ်နှစ် နီးပါးမျှ ကာလအတွင်း ကျော်ကျော့် ခန္ဓာကိုယ် ကို ဦးအောင်ဘညို ဆန္ဒရှိသည့် အချိန်တိုင်းလို သလို အသုံးချနိုင်ခဲ့သည် မဟုတ်ပါလား။
လိပ်တကောင်၏ ကျောလိုခုံးခုံးမောက်မောက်ဖြစ်နေသည့်ကျော်ကျော့် ကိုယ်အောက်ပိုင်းကို သတိရလိုက် မိချိန်တွင် ဦးအောင်ဘညို ကျောထဲစိမ့်ပြီးအေးစက်တောင့်ခဲသွား၏။ ခွက်ထဲကို အရက်ထပ်လောင်း ထည့် ရင်း ကျော်ကျော် လူက ပြည့်ပြည့်ဖြိုးဖြိုး ဖြစ်လာသည့်တိုင် ချပ်ချပ်ရပ်ရပ် နှင့်တင်းတင်းရင်းရင်း ရှိနေခဲ့သည့် ဗိုက်သား နှင့် ဆီးခုံဝင်းဝင်းလေးကို သတိရသည်။ ကျော်ကျော် ဒီကနေထွက်သွားပြီးနောက်မှ ဖြစ်ခဲ့သည့်ကိုယ်ဝန်ဆိုလျှင် ဒီလိုမြင်သာဦးမည် မဟုတ်ပါ။ ဦးအောင်ဘညို ရောက်မလာသည့် နေ့တွေမှာဆိုလျှင် ကျော် ကျော် နှင့်သူမ၏ ချစ်သူတို့ ကုတင်ပေါ်မှာ ချစ်ဗျူဟာခင်းခဲ့ကြမှာ မလွဲပေ။ ခုနလေးတင်က လှေခါးအတိုင်း သက်တောင့်သက်သာ တက်သွားသည့် အင်္ကျ ီအနီနှင့် လူကိုပြန်တွေးလိုက်၏။
ခုနောက်ပိုင်း ထူးခြားလာသည့် ကျော်ကျော့် ဟန်ပန်တွေကို တဖြည်းဖြည်း နှင့် သိလာသလိုလိုရှိသည်။ ကျော်ကျော် ခါတိုင်းနှင့် မတူပါ။ သိင်္ဂ ီ့ကို မမှီသည့်တိုင် အိပ်ယာပေါ်တွင် သိင်္ဂ ီ့ နီးနီးလောက်တက်ကြွမှု တွေ ပေးလာသည်။ အရင်လို ဦးအောင်ဘညို လုပ်သမျှကို အော်လိုက်ညည်းလိုက်နှင့် ပေခံနေတာမျိုး မဟုတ် တော့ဘဲ ညောင်းတယ် နာတယ် အစရှိသဖြင့် အထွန့်တက်တတ်လာသည်။ ဦးအောင်ဘညို ကို သိုင်းဖက် ပြီး ပုခုံး၊ လည်တိုင် စသည့်နေရာတွေကို နမ်းတတ်လာသည်။ ခါတိုင်း ဦးအောင်ဘညို၏ အဝတ်မဲ့ ကိုယ်လုံး ကို မမြင်သလို မျက်နှာလွှဲထားတတ်သူက စေ့စေ့ ကြည့်လာသည်။ ဒါသူမ၏ ချစ်သူဆီက ရသည့် အတတ် ကောင်း တွေဖြစ်လိမ့်မည်။
ဦးအောင်ဘညို သိင်္ဂ ီ့ကိုပြန်သတိရပြီးစိတ်မကောင်းဖြစ်ရသည်။ တခါတလေ သိင်္ဂီ အိမ်မှာမျှော်နေလိမ့်မည် ဆိုတာသိသိ နှင့် ကျော်ကျော်နှင့် ပျော်ပြီး မပြန်ဖြစ်ခဲ့သည့် အချိန်တွေရှိ၏။ လူ့သဘောသည်ဆန်းလှ၏။ မိမိလိုရာကို ကြည်ဖြူစွာပေးမည့် သူရှိနေပါလျှက် နှင့် ပစ်ပယ်ပြီး မသဒ္ဒါရေစာကို အငမ်းမရစားဖို့ စိတ်သန်မိခဲ့ သည်။ သိင်္ဂီ သာသိခဲ့လျှင် လောကကြီးကနေခုထက်စောစွာထွက်ခွာ သွားချင်စိတ်ပေါက်ကောင်းပေါက် သွားနိုင်လေသည်။
ခုနေခါသာ သိင်္ဂ ီရှိနေခဲ့လျှင် ဦးအောင်ဘညို အားလုံးကိုဖွင့်ပြောပြပြီးတောင်းပန်လိုက်ချင်သည်။ စိတ်ရင်း သဘောကောင်းသလို ဦးအောင်ဘညိုကို အလွန်ချစ်သည့် သိင်္ဂ ီအနေနှင့်ခွင့်လွှတ်ပေး လိမ့်မည် မလွဲပေ။သိင်္ဂ ီ့၏ အချစ်ကို မထေမဲ့မြင်ပြုသလိုမျိုးလုပ်ခဲ့၍ လောကကြီးက ပြန်၍ဒါဏ်ခတ် ခြင်းလား ဟု ဦးအောင် ဘညို တွေးနေမိသည်။
“ဟာ”
လက်က နာရီ ကို အမှတ်မထင်ကြည့်ရင်း အိမ်ပြန်ချိန်ကို အမှတ်မထင်သတိရလိုက်သည်။ ခြောက်နာရီထိုး ခါနီးပြီ။ မကြာခင် ဖူးဖူး ဖုန်းဆက်လာတော့မည်။ စားပွဲထိုးကို ခေါ်၍ ဘီလ်တောင်းပြီး ဖူးဖူး ဆီ အရင်စဆက် လိုက်၏။
“ဖေဖေ ပြန်လာတော့မယ် စိတ်မပူနဲ့ လို့ လှမ်းဆက်တာသမီးရေ”
“အင်းပါ၊ အင်းပါ၊ သမီးဖေဖေ ကလိမ္မာပါတယ်”
“ခုပဲ လာပြီသိလား”
အမှန်က ဦးအောင်ဘညို ထပ်သောက်ချင်သေးသည်။ မဝသေးပါ။ ဖြစ်နိုင်လျှင် ဒီနားမှာပဲ မှောက်သွားအောင် သောက်လိုက်ချင်သည်။
“ဒီပုလင်း ကို အိတ်နဲ့ထည့်လိုက်ကွာ”
စားပွဲထိုးက ပလပ်စတစ်အိတ် နှင့် ပတ်ပေးသောပုလင်းကို လက်ဆွဲအိတ်ထဲ ထိုးထည့်လိုက်သည်။ ထိုင် သောက် နေစဉ်က မသိသာသော်လည်း ထလိုက်သည့် အချိန်မှာ အနည်းငယ်ယိုင်ချင်၏။ ကားကို တော့ ဖြောင့်ဖြောင့်တန်းတန်း မောင်းပြီး အိမ်ရောက်အောင်ပြန်လိုက်နိုင်ပါသည်။ အန ္တရယ်မဖြစ်အောင် သတိ ထား ထိန်းမောင်းလိုက်ရ၍ အမူးတောင်နည်းနည်းပြေချင်သွား၏။ဦလေးစိုး ကားသိမ်းနေစဉ် အိမ်ထဲက အရိပ်အခြေကြည့်လိုက်ရာ ဖူးဖူး ကိုမတွေ့ရ။ ဒေါ်ဒေါ်ကြည်သာ အိမ် ရှေ့မှာ ရှိသည်။
“ဖူးဖူး ရော ဒေါ်ဒေါ်ကြည်”
“အထဲမှာ သူ့မောင်လေးနဲ့ ရှိတယ်”
မမြင်ရတာကြာပြီဖြစ်သည့် ဦးအောင်ဘညို၏ ဟန်ပန် ကြောင့်ဒေါ်ဒေါ်ကြည်အံ့သြနေ၏။
“ဆရာ ထမင်းစားတော့မလား”
“အင်း … အခြေအနေ အရပေါ့ဗျာ”
အခန်းထဲ မဝင်ခင် မှောင်မဲတိတ်ဆိတ်နေသော သိင်္ဂ ီ့ အခန်းဝဆီသို့ မလုံမလဲ စိတ်ဖြင့်လှမ်းမျှော်ကြည့်မိ သေးသည်။ ဦးအောင်ဘညို ရောက်လာမှန်းသိလျှင် ဖူးဖူး လိုက်ချင်လိုက်လာနိုင်သောကြောင့် ကြာကြာ မကြည့်နိုင်ဘဲ အခန်းထဲမြန်မြန်ဝင်လိုက်ရသည်။ ဖူးဖူး မလာခင်လက်ကျန်ဖြတ်မည် ဟုစိတ်ကူးနှင့် ကပျာ ကရာ အဝတ်လဲပြီးသည် နှင့်စားပွဲ မှာထိုင်ပြီး လက်ဆွဲအိတ်ထဲက ပုလင်းကိုထုတ်လိုက်သည်။ အမြည်းတော့မရှိပါ။ ရေနှင့်သာကြိတ်ရပေတော့မည်။
ဦးအောင်ဘညို စိတ်ထင်ပြောရလျှင် နှစ်ခွက်သုံးခွက်သာ သောက်လိုက်ရသည်ထင်ပါသည်။ ဒီထက် များချင် လည်း များလိမ့်မည်။ သေသေချာချာ မသိတော့။စောစောက သောက်ခဲ့သည့် အရှိန်တွေ နှင့် ပေါင်းပြီး စားပွဲ ပေါ် ခေါင်းစိုက်ကျသွားသည်။ တစုံတယောက်က ပုခုံးကို လှုပ်တော့မှ အားယူပြီးခေါင်းထောင်လိုက်၏။ ဦး အောင်ဘညို ဘေးမှာဖြူဖြူသွယ်သွယ် သဏ္ဍန်လေးတခု ဝိုးတဝါးမြင်သည်။ အားတင်းပြီးကြည့်လိုက်ရင်း ကျော်ကျော် ဟုခေါ်မိမလိုဖြစ်သွားသည်။ သိင်္ဂ ီ များလားလည်း ဇဝေဇဝါဖြစ်မိ၏။
“ဖေဖေ အရက်တွေ သောက်ပြန်ပြီလား”
ဖူးဖူး။ ဦးအောင်ဘညို အသက်တမျှချစ်ရသည့် သမီးလေး ဖြစ်နေသည်။ ရီဝေေ၀ မပြတ်မသားနှင့် အာရုံတွေ ထဲတွင် ဖူးဖူး ရုပ်သွင်က ကျော်ကျော်လိုလို၊ သိင်္ဂီ လိုလို နှင့် သေသေချာချာကြည့်ပြန်လျှင် မသူဇာ လည်းဖြစ် နေပြန်သည်။
“ဖူးဖူး”
“ဖေဖေ ရယ်၊ သမီးတို့ မောင်နှမတွေကို မသနားဘူးလား”
ငိုသံပါလေး နှင့်ပြောနေသည့် ဖူးဖူး စကားတွေက ဦးအောင်ဘညို နားထဲမှာဝင်တချက် မဝင်တချက်နှင့်။
“ဖူးဖူး နင်က ငါ့ သမီးပါ၊ ဒါပေမယ့် နင်ကက ဘာဖြစ်လို့ ဟိုမိန်းမ သုံးယောက် နဲ့ သွားသွားတူ နေရတာလဲ၊ မတူနဲ့။ နင်က ငါ့ သမီး။ မတူရဘူး”
ဖူးဖူးနောက်ကို ခြေတလှမ်းဆုတ်သွားပြီး ဦးအောင်ဘညို ကိုကြောင်ငေးငေး လေးကြည့်နေသည်။
“ထပ်ပြောမယ်၊ နင်က ငါ့သမီး၊ သူတို့လိုမဟုတ်ဘူး၊ နင့်အမေ မသူဇာလို ဇီဇာကြောင်တဲ့ ၊တယူသန်တဲ့၊ အတ္တ ကြီးတဲ့ မိန်းမနဲ့ မတူရဘူး။ နင့် တီတီ လို ကိုယ့်အပေါ် ဘာမှလုပ်မပေးနိုင်တဲ့ ယောက်ျားတယောက် အ တွက် နဲ့ ပဲ အချိန်ကုန်ခံ ပြီး မမိုက်ရဘူး၊ သူ့လို ကံဆိုးလိမ့်မယ်။ နောက်ပြီး နင့် ရဲ့နောက်ဆုံးပေါ် အ ဒေါ်လို သွေးအေးအေး နဲ့ညာတတ်တဲ့ ပျော့ပျော့လေးနဲ့နံတဲ့ ကြောင်ချီးလို မိန်းမမျိုး နဲ့ မတူရဘူးကြားလား ၊ နင်သိထားဖို့က နင်က အောင်ဘညို ရဲ့သမီး”
တသက်လုံး လေသံမာမာ နှင့်တောင် မပြောရက်ခဲ့သည့် သမီးကို ဘာကြောင့် ဒီလောက်အထိ ဒေါသတကြီး နှင့် ပြင်းပြင်း ထန်ထန်ပြောနေမိသည်ကို ဦးအောင်ဘညို ကိုယ်တိုင်လည်း မစဉ်းစားတတ်ပါ။ ငိုင်တွေပြီး ရပ် နေ ရာ မှ ဖူးဖူး လှုပ်လာသည်။
“ဖေဖေ ဘာတွေပြောနေတာလဲ၊ အိပ်လိုက်ပါလား ဖေဖေရယ်”
“နင့် ရုပ်က သူဇာလိုလို သိင်္ဂီ လိုလိုနဲ့၊ အရပ်အမောင်း နဲ့ ကိုယ်နေဟန်ထားက သီရိဆို တဲ့ ကျော်ကျော်မေနဲ့ ဘာဖြစ်လို့သွားတူနေရတာလဲ၊ ”
ဖူးဖူး အနားကိုကပ်လာပြီး ယူကျုံးမရစွာဖြင့် ပြောနေသည့် ဦးအောင်ဘညို ကိုဖက်ထားလိုက်သည်။
“သူတို့ ညီအမ တွေထဲမှာ နင့်တီတီ က စိတ်ထားအမှန်ဆုံးပဲ၊ ဒါပေမယ့် သူကျတော့ အရမ်းကံဆိုးတယ်၊ငါ လဲသူ့ကို မကယ် နိုင်ခဲ့ဘူး၊ ငါကယ်မိတဲ့ နင့်အဒေါ် ကျတော့ ……..”
“ဖေဖေ အရမ်းမူးနေတယ်၊ အိပ်လိုက်နော်၊ ဖေဖေ့ ကိုယ်ကြီး သမီးမနိုင်ဘူး၊ ဖိုးစိုးကိုသွားခေါ်လိုက်ဦးမယ် ငြိမ် ငြိမ်လေး ထိုင်နေသိလား”
“ငါ အရက်ပဲ သောက်ချင်တယ်၊ ဒီမှာ ရှိသေးတယ် ၊ သောက်မယ်”
ဖူးဖူးကို တွန်းဖယ်ပြီး အရက်ပုလင်း ကိုလှမ်းဆွဲသည့် လက်တွေကလေထဲမှာရမ်းနေသော်လည်း ပုလင်းကို မစမ်းမိပါ။ ဦးအောင်ဘညိုသာ စားပွဲပေါ် မှောက်လျက်ပြန်လဲကျသွားသည်။ ဖူးဖူး နှင့်အတူ ဦးလေးစိုး နှင့်ဒေါ်ဒေါ်ကြည်ပါ လိုက်လာပြီး အိပ်ယာပေါ်ပြောင်းတင်ပေးကြသည်ကိုလည်း ဦးအောင်ဘညို သိလိုက်လွတ် လိုက်ဖြစ်နေသည်။ ခေါင်းထဲမှာတရိပ်ရိပ် နှင့် ကုတင်ကြီးကလည်နေသလိုလို အခန်းတခုလုံးက ပတ်ချာ လည်ရမ်းနေသလို ခံစားရသည်။ အဲဒီလိုကနေ ဘယ်လိုအိပ်ပျော်သွားသည် ဆိုတာကိုတောင် ဦးအောင်ဘ ညို မသိတော့။
အိပ်ယာမှ နိုးချိန်မှာ ညက ကိစ္စတွေပြန်စဉ်းစားရင်း အရင်ဆုံးသတိရမိသည်က ဖူးဖူး ဖြစ်သည်။ ဖူးဖူး ကို လက်ညိုး ငေါက်ငေါက် ထိုးကာပြောခဲ့သည့် စကားတွေကို အားလုံးမမှတ်မိပါ။ မသူဇာ တို့ ညီအမ တွေ နှင့် တူရကောင်းလားဟု ပြောမိတာလောက်ပဲ သိတော့သည်။ ဖူးဖူး စိတ်အရမ်းဆိုးချင် ဆိုးနေလိမ့်မည်။ ဒါမှမ ဟုတ် အရမ်းစိတ်မကောင်းဖြစ်ချင်ဖြစ်နေလိမ့်မည်။ အရက်မသောက်ပါနှင့် ဟု တဖွဖွပြောနေသည့်ကြားကသောက်လာခဲ့သည်။ ပြီးတော့ ရုပ်ရည်ကို ရိုးမယ်ဖွဲ့ပြီးရန်လုပ်သည်။ မူးပြီးရစ်သည်ဟု ဖူးဖူး ထင်သွား
မှာ သေ ချာ၏။ ဦးအောင်ဘညို ကိုယ်တိုင်လည်း ဒီလိုစိတ်လွတ်ထွက်သွားမိသည်ကို အံ့သြနေမိသည်။ရေမချိုးခင် မုတ်ဆိတ်ရိတ်ရင်း မှန်ထဲက ကိုယ့်ရုပ်ကိုယ်ပြန်ကြည့်ရင်း ကိုယ်မဟုတ်သလိုခံစားနေရသည်။ မသူဇာကတော့ တရားရိပ်မှာငြိမ်းချမ်းနေမည်။ ဒါမှမဟုတ် ငြိမ်းချမ်းသည်ဟု ထင်နေလိမ့်မည်။ သိင်္ဂီ ကတော့ တကယ်ပင်ငြိမ်းချမ်းသွားခဲ့ပါပြီ။ စိတ်ထားဖြူစင်သည့် သိင်္ဂီ တယောက် တကယ်ပင်ကောင်းမွန်ရာဘုံဘဝမှာ ငြိမ်းချမ်းစွာ ရှိနေလိမ့်မည်ဟု ဦးအောင်ဘညို ယုံကြည်ပါ၏။ ပြီးတော့ သီရိခေါ် ကျော်ကျော်မေ သည်လည်းရင်ခွင်သစ်မှာ ကြည်နူးပျော်မွေ့နေပါလိမ့်မည်။
မှန်ထဲက မသတီစရာ ခပ်ညံ့ညံ့ လူကို မျက်နှာလွှဲလိုက်ပြီး ဦးအောင်ဘညို ရေမြန်မြန်ချိုးလိုက်သည်။ အဝတ် လဲ အိတ်ဆွဲပြီး ထမင်းစားခန်းထဲ အရောက်တွင်ဒေါ်ဒေါ်ကြည်ကို သာတွေ့ရသည်။ ဖူးဖူး ကို မတွေ့ရပါ။
“ဆရာ ကော်ဖီကြမ်း သောက်မှာလား”
ညတုန်းက များသွားတာကိုရည်ရွယ်ပြီးမေးတာဖြစ်သည်။ ရေချိုးလာသည့် တိုင်ခေါင်းထဲမှာ အုံနေသေး သောကြောင့်
“ပေးလေ၊ ဖူးဖူး မလာသေးဘူးလား”
“ခုလေးတင် ပြန်ထွက်သွားတာဆရာ”
ခါတိုင်းဆိုလျှင်ဦးအောင်ဘညို မနက်စာစားတိုင်း ဖူးဖူး အတူတူလာစားတတ်သည်။
“ဒါဆိုလဲ သူ့ကိုစောင့်လိုက်ဦးမယ်၊ ကော်ဖီ အရင်ပေး”
“ဖူးဖူး စားပြီးသွားပြီဆရာ”
“ကျွန်တော့် ကို စိတ်ကောက်သွားပြီထင်တယ်”
“ခန ပါဆရာရယ်၊ ဖူးဖူး က ဆရာ့ကို ဒီလောက်ချစ်တာ”
စိတ်မပါ လက်မပါ နှင့် မနက်စာစားပြီးနောက် ဖူးဖူး အခန်းဖက်ထွက်လာခဲ့သည်။ အထဲက ကလေးငိုသံ တအီအီ ကြားနေရ၏။ ဖိုးသား အသံ နှင့် ကလေးကို ဖူးဖူး ချော့နေသံလည်းကြားရသည်။
“ဘာဖြစ်လို့ ငိုနေတာလဲ”
ဖူးဖူး က ဦးအောင်ဘညို အမေးကို မကြားသလိုပင်။ ကလေးထိန်းမိန်းကလေးကသာ
“နိုးထဲက ဒီလိုပဲ ငိုနေတာဦးရဲ့”
“ကိုယ်ပူလား”
ဖူးဖူး ရင်ခွင်ထဲက ကလေးကို ဦးအောင်ဘညို စမ်းကြည့်လိုက်ရာ ဖူးဖူး က မျက်နှာလွှဲထားသည်။ ကိုယ်ပူ တာလည်း မဟုတ်သဖြင့် ဦးအောင်ဘညို စိတ်ပူသွားသည်။ ဖူးဖူး ကို ကြည့်ပြီး
“ဆေးခန်း သွားကြမလားသမီး၊ ဖေဖေ အချိန်ရတယ်၊ လိုက်ပို့ပေးမယ်”
“ရပါတယ်၊ ဖိုးစိုး နဲ့ သွားလဲရတာပဲ”
မဖြေချင်ဖြေချင် ဖြေလိုက်သည့် စကားကြောင့် ဦးအောင်ဘညို နည်းနည်း ကျွဲမီးတိုသွားသည်။ အဖေလုပ်သူ ကလိုက်ပို့မယ် ဆိုတာတောင် သူက ဦးလေးစိုး နှင့်သွားမည် လုပ်နေသည်။
“မမ အင်္ကျ ီလှန်ကြည့်ပါလား၊ ဒီမှာ တရားခံတွေ့ပြီ”
ဖိုးသား အသံကြောင့် အာရုံပြောင်းသွားကြသည်။
“ဘာတွေ့တာလဲ”
“ပုရွက်ဆိတ် နှစ်ကောင်၊ လာစမ်းသေပေတော့”
ဖိုးသားက ပုရွက်ဆိတ်တွေကို လက်နှင့် ညှစ်သတ်နေစဉ် ဦးအောင်ဘညို က ကလေးအင်္ကျ ီကို လှန်လိုက် ဝမ်း ဗိုက်နှင့် ကျောပြင်တွင် အနီကွက် တွေတွေ့၏။
“ပုရွက်ဆိတ် ကိုက်တာဖြစ်မယ်”
“တကထဲမှပဲ ကလေးကို မသိပ်ခင် ပုခက်ထဲကို ဘယ်သူမှ မကြည့်ကြဘူးလား၊ မသီတာ ဖွားကြည်ကို သွား မေးစမ်းပါ၊ ပုရွက်ဆိတ်ကိုက်ရင် ဘာလိမ်းရမလဲလို့၊ ပြီးရင် အထဲကအခင်းတွေ အပြင်မှာထုတ်ခါပြီး နေလှမ်း လိုက်၊ ဖိုးသား ဘေးကဘီရိုထဲမှာ အခင်းလျှော်ပြီးသား တွေရှိတယ် ထုတ်လိုက်”
အနားမှာ ဦးအောင်ဘညို မရှိသလို ညွှန်ကြားချက်တွေထုတ်နေသည့် ဖူးဖူးကို ထားခဲ့ပြီးဦးအောင်ဘညို ပြန် ထွက်လာခဲ့သည်။ ဖူးဖူး စိတ်ဆိုးနေတာတော့ သေချာပါသည်။ဒါပေမယ့် ဒေါ်ဒေါ်ကြည်ပြောသလိုပင် မကြာ ခင်ပြန်စိတ်ပြေသွားလိမ့်မည်ဟု သဘောထားပြီး ရုံးကိုထွက်လာခဲ့သည်။ နေ့ခင်း ကျတော့ ဖူးဖူး ကိုင်သည့်ဖုန်းကို လှမ်းခေါ်ပြီး ကလေးအဆင်ပြေသွားပြီလားဟု အကြောင်းရှာမေးကြည့်ရာ
“ကောင်းသွားပါပြီ ဖေဖေ”
တခွန်းပဲ ဖြေပြီးဖုန်းပြန်ချသွား၍ ဦးအောင်ဘညို အောင့်သက်သက်ဖြစ်ရသည်။ သမီးစိတ်ပြေအောင် ဘာ ဝယ် ပေးရင်ကောင်း မလဲ စဉ်းစားကြည့်ပြန်တော့ ဖူးဖူး မှာ အားလုံးပြည့်စုံသည်။ လိုအပ်ချက်မရှိပါ။ မိန်း ကလေး အသုံးအဆောင် အဝတ်အစားကျပြန်တော့လည်း ဦးအောင်ဘညို မဝယ်တတ်ပြန်။ အေးအေး ကိုအကူအညီတောင်း မည်ဟု စိတ်ကူးလိုက်မိသေးသော်လည်း အခြေအနေ စောင့်ကြည့်လိုက်ဦးမည် ဟု ဆုံး ဖြတ်လိုက်သည်။
ညနေ ကျတော့ ငါးနာရီ ဒေါင်ကနဲ ထိုးသည်နှင့် ဘယ်ကိုမှ မဝင်တော့ဘဲ အိမ်ကို တန်းပြန်ခဲ့သည်။ ဒါဆို ရင်တော့ ဖူးဖူး ကျေနပ်လိမ့်မည် ထင်ပါသည်။ သို့သော် ဖူးဖူး ကို အိမ်ရှေ့မှာအရိပ်အယောင် မမြင်ရ၊ မေး ကြည့်တော့ အခန်းထဲမှာ ပင်နေသည်ဟု ဆိုသည်။ ဦးအောင်ဘညို လိုက်သွားကြည့် ရာ အိပ်ယာပေါ်ချ ထားသည့် ကလေး ကိုမြူနေသော ဖူးဖူးကိုတွေ့ရသည်။
“ဖေဖေ ပြန်ရောက်ပြီ သမီး”
“အော် …အင်းအင်း”
လှည့်မကြည့်ဘဲဖြေပြီး ကလေးကိုဆက်စနေသည်။ အရင်လို ရေးချိုးခိုင်းတာတွေ၊ ဘာဟင်းချက်တယ် တူ တူ စားမယ်လေ ဆိုတာတွေဆက်ပြောမလာတော့။ အချိန်တန်ရင်တော့ စိတ်ပြေသွားလိမ့်မည်ဟု မျှော် လင့် ပြီး ပြန်ထွက်လာခဲ့ရသည်။ ထမင်းစားချိန်မှာလည်း ရောက်မလာပါ ဒေါ်ဒေါ်ကြည် ကို ပြောပြမိရာ ဒေါ်ဒေါ် ကြည်က နှစ်နှစ်ချိုက်ချိုက်ပြုံးရင်း
“အလကားပါဆရာရယ်၊ မနက်ဖြန်သဘက်ခါလောက်ဆို ပုံမှန်ဖြစ်မှာပါ၊ ဆရာ့မို့လို့ ဆရာလျှော့မှန်းသိလို့ တမင် လုပ်နေတာ၊ သူဇာ့ကို သူဒါမျိုးဘယ်လုပ်ရဲမလဲ”
ဦးအောင်ဘညို လည်း ဒီလိုပင် မျှော်လင့်သော်လည်း ဒေါ်ဒေါ်ကြည်၏ ထက်မြက်ချက် ဒီတခါတော့ မှားပါ သည်။ နောက်တပတ်လောက် အထိ ဖူးဖူး ဦးအောင်ဘညိုကို ခပ်မှန်မှန်ပဲ ဆက်ဆံသည်။ နေ့စဉ် စောစော ပြန်လာပြီး အရက်လည်းသောက်မလာကြောင်း ဖူးဖူး သိအောင်ပြသော်လည်း ဖူးဖူး ကဖါသိဖါသာပင်။ လုံး၀ စကားမပြောတာလည်း မဟုတ်ပါ။
သို့သော် ဦးအောင်ဘညို နှင့် စကားမပြောဖြစ်အောင် အတတ်နိုင်ဆုံးရှောင်သလို၊ ဦးအောင်ဘညို အနီးနား တဝိုက်မှာလည်း ဘယ်တော့မှ မနေပါ။ မနေနိုင်သည့် အဖေက အခန်းထဲအထိ လိုက်သွားလျှင်လည်း အေးတိအေးစက် ဆက်ဆံသောကြောင့် စိတ်လျှော့ပြီး ပြန်ခဲ့ရသည်က များ ၏။ ညနေရောက်တိုင်း စောစောပြန်လာဖို့ အရက်သောက်မလာဖို့ ပြောသည့်ဖုန်းတွေလည်း မလာတော့ပါ။
တနေ့ ဦးအောင်ဘညို ပြန်ရောက်လာချိန်တွင် ဖူးဖူး က ခြံထဲမှာ ကလေး ချီပြီးလမ်းလျှောက်နေသည်။ ကလေးထိန်းကောင်မလေး လဲ အနားမှာရှိ၏။ ဦးအောင်ဘညို သူမ တို့ထံလာနေသည် ကိုမြင်သောအခါ ကလေးထိန်း ထံ ကလေးပြောင်းပေးလိုက်ပြီး
“ငိုက်နေပြီ၊ အထဲမှာပဲ ပြန်သိပ်လိုက်တော့ မသီတာ”
ဒီတရက်တော့ ရှောင်ထွက် မသွားသည် နှင့်သီတာ ကလေး ခေါ်ပြီးထွက်သွားသောအခါ ဦးအောင်ဘညို ဖူးဖူး ပုခုံးကိုဖက်လိုက်သည်။ ဖူးဖူး စိတ်ကောက်ပြေသွားပြီဟု ယူဆလိုက်၏။
“သမီး ဖေဖေ့ကို စိတ်ဆိုးနေတာလား”
ဖရိုဖရဲဖြစ်နေသည့် ဆံပင်တွေကို လက်နှင့်သပ်ရင်း ဖူးဖူး မော့ကြည့်သည်။
“မဆိုးပါဘူး”
“ဒါဆို စိတ်ကောက်တာလား၊ ဖေဖေ ဘယ်လိုချော့ရမလဲပြော၊ သမီးဒီလို အေးစက်စက်ကြီးလုပ်နေရင် ဖေဖေ မနေတတ်ဘူး သမီးရဲ့”
“သမီး စိတ်လဲ မကောက်ပါဘူးဖေဖေ၊ စိတ်မကောင်းဖြစ်တာပါ”
“ဘာဖြစ်လို့ လဲ သမီးရယ်၊ ဖေဖေ ဒီနေ့ မသောက်လာဘူးလေ၊ အရင်နေ့တွေကလဲ မသောက်ဘဲ စောစော ပြန်လာတာ သမီးသိသားနဲ့ နောက်လဲ သမီးမကြိုက်ရင်ဖေဖေ မသောက် တော့ပါဘူး”
“သမီး ယောက်ျားလေး မဟုတ်လို့ပါ၊ မိန်းကလေး ဖြစ်နေတော့ ဖေဖေ နဲ့ မတူနိုင်ဘူးလေ၊ သမီး စိတ် မ ကောင်း ပါဘူးဖေဖေရယ်”
ဖူးဖူး ပြောလာသည့် စကားနှင့် အမူအရာကြောင့် ဦးအောင်ဘညို ရင်ထဲနင့်သွားရသည်။
“ဖေဖေ ဒီလိုသဘောပြောတာ မဟုတ်ပါဘူး၊ ဖေဖေ အရမ်း စိတ်ထိခိုက်ပြီးတော့ ပြောမိပြောရာ တွေ ပြောမိ တာပါ၊”
“သမီး ဖေဖေ့ ကိုချစ်ပါတယ်၊ ဖေဖေ့ ခံစားချက်တွေကိုလဲ နားလည်ပါတယ်၊ ဖေဖေ့ သမီးဟာ ကလေး ဆိုပေ မယ့် သမီးသိနားလည်ထားတာတွေ အများကြီးရှိပါတယ် ဖေဖေ၊ ဒါပေမယ့် သမီးကိုရန်သူကြီး တယောက်လို ကြည့်ပြီး ပြောတဲ့ စကားတွေကြားတော့ …ဖေဖေ့ အတွက် အရမ်းစိတ်မကောင်း ဖြစ်မိတယ်”
ဖူးဖူး ဘာကို ဆိုလိုသည်ကို ဦးအောင်ဘညို ကောင်းကောင်း နားမလည်ပါ။ နောက်ပြီးဖူးဖူ က သိထားတာ တွေ ရှိသည်ဟု ဆိုသေး၏။
“အင်း … သမီး ဘာတွေသိသလဲ ဖေဖေ့ကိုပြောပါဦး”
“ပြောလိုက်ရင် ဖေဖေ လန့်သွားမှာပေါ့၊ သမီးကိုလည်း အရမ်းစိတ်ဆိုးမှာပေါ့”
“တခြားလူ ကို စိတ်ဆိုးချင်ဆိုးမယ်၊ သမီးကို ဘယ်တော့မှ စိတ်မဆိုးဘူး”
“တီတီ ဖေဖေ့ကို ချစ်နေမှန်း သမီး အစောကြီးထဲကသိတယ်”
ရုတ်တရက်ကြီးပြောချလိုက်သည့် စကားကြောင့် ဦးအောင်ဘညို ကြက်သီးဖြန်းဖြန်း ထသွားရသည်။ သိင်္ဂီ ကတော့ ပြောပြလိမ့်မည် မထင်ပါ။ ဒါဆို ဖူးဖူး ဘယ်က သိပါသနည်း။
“တီတီ့ အမူအရာတွေ၊ အကြည့်တွေကသိသာ နေတာပဲ။ တီတီ နဲ့ အနီးကပ်နေလာတော့ တီတီ့စိတ်ကိုလည်း သိနေတယ်လေ၊ နောက်ပြီးဖေဖေ့ သိက္ခာကိုလဲ ယုံတယ်၊ သမီးဖေဖေဟာ တီတီ ဘယ်လောက်လှလှ တုန် လှုပ်မှာ မဟုတ်ဘူးလို့လဲ သိတယ်”
အရွယ်နှင့် မလိုက်စွာတည်တည်ငြိမ်ငြိမ်ပြောနေသည့် ဖူးဖူး စကားတွေကြောင့် ဦးအောင်ဘညို စိတ်တွေ ယိမ်းယိုင်စ ပြုလာသည်။ သမီးဖြစ်သူ က အဖေ၏ သိက္ခာကို ယုံကြည်ပါသည် ဆိုသော်လည်း သိင်္ဂ ီ့ အလှ နှင့် ရမ္မက်ကို လွတ်အောင်မရှောင် နိုင်ခဲ့သည့် အတွက် ဦးအောင်ဘညို မလုံမလဲဖြစ်ရသည်။ ဖူးဖူး ဆက် မပြောပါစေနှင့် ဟုသာကျိတ်ပြီးဆုတောင်းမိသည်။ သို့သော် ဦးအောင်ဘညို ဆုတောင်း မပြည့်ခဲ့ပါ။
“မေမေ က ဖေဖေ နဲ့တီတီ့ကို လက်ထပ်ခိုင်းတယ်ကြားတော့လဲ မအံ့သြဘူး၊ တီတီ့ အတွက် ဖေဖေ အရမ်း ဝမ်းနည်း နေတာတွေ့တော့လဲ မအံ့သြဘူး၊ ဖေဖေ နေမကောင်းတုန်းက ပြောတဲ့ ကယောင်ကတန်း စကား တွေကြားရမှ အံ့သြတော့တာ”
အသိစိတ်မဲ့ နေသည့် အချိန်တွင် ဘာတွေပြောမိခဲ့သလဲ ဆိုတာဦးအောင်ဘညို လုံး၀ မသိပါ။ ဖူးဖူး ပုခုံးကို ကိုင်ထားသည့် လက်ချောင်းတွေ တုန်နေမှန်းသိသော်လည်း ထိန်းချုပ်လို့ မရနိုင်တော့ပါ။
“တီတီ နဲ့ ဖေဖေ အနေအထားက သမီးသိထားသလို တီတီ့ဖက်က တဖက်သတ်ဆိုတဲ့ အနေအထားမှ မက တော့တာ”
ရှက်စိတ်ဖြင့် ဦးအောင်ဘညို တကိုယ်လုံးတုန်ရီလာသည်။ ဖူးဖူး က အားပေး နှစ်သိမ့်သလို သူမ ပုခုံးပေါ်က ဦးအောင်ဘညို လက်ချောင်းတွေ ကို သူမလက်ကလေးတွေ နှင့် အသာအယာညှစ်လိုက်ရင်း
“ပြောလက်စနဲ့ မထူးပါဘူး၊ ဖေဖေ ပြောသလို သမီးရဲ့နောက်ဆုံးပေါ် အန်တီကိစ္စလေ …အဲဒါကလည်း”
သန်းခေါင်ထက်တော့ ညဉ့် ထပ်ပြီးမနက်နိုင်တော့ပါ။ ဖူးဖူး ပြောလိုရာပြောစေတော့ဟု စိတ်ဒုံးဒုံး ချရင်းဆက်ပြောလာမှာကို သာငံ့လင့်နေရတော့၏။
“ဖေဖေ ဗြုန်းစားကြီး ခရီးမသွားခင် ဖိုးစိုးနဲ့ အခန်းထဲမှာပြောနေကြတာတွေ သမီးကြားတယ်၊ မေမေ့ အခန်း ထဲမှာ ပစ္စည်းတွေ ရှင်းနေရင်း ဖေဖေ့ ဆီ အလာမှာ မကြားဖူးတာတွေကြားလိုက်ရလို့ တံခါးကို အသာလေး ဟပြီး သမီးချောင်းနားထောင်မိပါတယ်၊ သမီးမှာ အဒေါ်တယောက် ရှိနေသေးတာလဲ သိလိုက်ရတယ်၊ ဖေဖေ အရမ်းပင်ပန်း နေတဲ့ကြားက အဲဒီအဒေါ်ကိုလိုက်ရှာတာ ညီမဆုံးရှုံးလိုက်ရတဲ့ မေမေ့ အတွက် ညီမ အစား ပြန်ပေးချင်လွန်းလို့ လုပ်တယ် လို့ထင်ခဲ့တယ်၊ ဖေဖေ ခရီးထွက်သွားတုန်း ဖိုးစိုး ကိုအတင်းမေးကြည့်တော့ ဖိုးစိုးကလည်း ဒီလိုပဲထင်တယ်”
ဖူးဖူး ကျော်ကျော့် အကြောင်းသိသွားပြီဆိုတာကို ဦးစိုး လုံး၀ မပြောပါ။ ပြောလျှင်လည်း အပြစ်တင်မှာ မဟုတ်။ လက်ရှိအလုပ်ရှင်က ဦးအောင်ဘညို ဖြစ်သော်လည်း မသူဇာ တို့ မိသားစု ဝင်တွေအပေါ်မှာသစ္စာ ပိုရှိသည့် ဦးလေးစိုးကို မကျေမချမ်းဖြစ်မိသည်။
“ဒါပေမယ့် အဲဒီမမ၊ သမီးထက် ဆယ်နှစ်လောက်ပဲ ကြီးမယ်ဆိုတော့ အဒေါ်ပေမယ့် မမ ပဲခေါ်ရမှာပေါ့နော်၊သမီးရဲ့ အန်တီမမ က သမီးတို့ မိသားစုကို ငဲ့ပြီး ဖေဖေ့ကိုထားခဲ့ ပြီးထွက်သွားတယ် ဆိုတာလဲ ဖေဖေ က ယောင်ကတန်းပြောတဲ့ စကားတွေထဲက ကြားလိုက်ရပြန်တယ်”
ရှိသမျှ အရာအားလုံးကုန်ဆုံးသွားခဲ့လေပြီ။ ဒူးတွေ ညွှတ်ခွေကျမသွားစေရန် ခန္ဒာကိုယ် ကို အတင်းချုပ် တည်းထားရသည်။ တသက်လုံးဖုံးသမျှ ကုန်းတော့မှ ပေါ် ဆိုသလိုအချစ်ရဆုံး သမီးရှေ့တွင် လုပ်မိခဲ့သမျှ အရှုပ်ထုပ်တွေကို ကယောင်ကတန်း ပြောမိခဲ့ခြင်းအတွက် ဦးအောင်ဘညိုပြောမပြတတ်အောင်ရှက်မိသည်။ဖြစ်နိုင်လျှင် ခု ချက် ချင်း ပင်ကမ ္ဘာမြေပေါ်က ဝုန်းကနဲ ပျောက်ကွယ်သွားချင်မိ၏။ ဒါမှ မဟုတ် ဒီနေရာမှာတင် ချက်ချင်းလဲ၍ သေသွားသော် ကောင်းလေစွ ဟု တွေးနေမိသည်။
“သမီးရယ် …ဖေဖေ လေ ….”
“ဖေဖေ့ကို သိက္ခာချနေတာ မဟုတ်ပါဘူး၊ ဖေဖေ့ကို သမီးဘယ်လောက် နားလည်တယ်ဆိုတာ ဖေဖေသိစေ ချင်လို့ပြောပြနေတာပါ၊ ဘယ်လိုဖြစ်ဖြစ် သမီးကတော့ ဖေဖေ့ကိုချစ်မှာပဲ၊ ဖေဖေကလဲ ချစ်မှာပဲ လို့ထင်ခဲ့ တယ်”
“ဖေဖေ ချစ်ပါတယ် သမီးရယ်”
ဦးအောင်ဘညို ဖူးဖူး ပုခုံးလေးကိုညှစ်ရင်းဆို့နင့်စွာပြောမိသည်။
“ဒါပေမယ့် ဖေဖေက သမီး ဖေဖေ့ကို နားလည်သလို သမီးကို နားမလည်ဘူး၊ သမီး အမေ နဲ့တူတာ၊ အဒေါ် တွေနဲ့ တူတာကို တောင်ဖေဖေ က လက်မခံနိုင်တော့ …အဲဒါကိုတော့ သမီး စိတ်မကောင်းဘူးဖေဖေ”
စကားဆုံးသည် နှင့် ဦးအောင်ဘညို လက်ထဲကနေရုန်းထွက်ပြီး ဖူးဖူး အိမ်ဖက်ဆီသို့သွား၏။
“သမီး ..ဖေဖေ ကလေ”
သမင်လည်ပြန်ကြည့်ရင်း ပြောလိုက်သည့်ဖူးဖူး စကားကြောင့် နောက်ကလိုက်သွားတော့မည့် ဦးအောင်ဘ ညို ခြေလှမ်းတွေတုန့်သွားသည်။
“စိတ်ချပါဖေဖေ၊ ခုနက အကြောင်းတွေက သမီးတယောက်ထဲပဲသိတာ၊ ဘယ်သူ့ကိုမှလဲ သမီးမပြောပါဘူး”
ရှက်ရွံ့စိတ်ကြောင့် ကောင်းကင်ကြီးတခုလုံး ပြိုကျလာပြီး သူ့အပေါ်ကို ပိလာသလို ဦးအောင်ဘညို မွန်းကြပ် နာကျင်သွားရသည်။
.....................................................
{ အမှောင်ဟူသမျှထဲတွင် အဝိဇ္ဇာ အမှောင်သည် အမှောင်ဆုံး အမိုက်ဆုံးဟု ပညာရှိ သူတော်ကောင်း တို့
ကဆိုကြသည်။ ထိုအမှောင်၌ အတ္တမီးအိမ်တွင် တဏှာမီးစာကို ထွန်းညှိ၍ ထွက်လမ်းကိုရှာဖွေသူသည် လွတ်မြောက်ရာ သို့ ရောက် နိုင်မည် မဟုတ်ပေ။}
.............................................
အခန်း (၄၂)
ရုံးခန်းထဲသို့ဝင်လာသော သူ့ကိုကြည့်ပြီးနောက် ခင်မောင်တင့် နှင့် အေးအေး တို့ တယောက်မျက်နှာ တ ယောက်ကြည့် လိုက်ကြသည်ကို မြင်သော်လည်း မသိယောင်ဆောင်၍ ဦးအောင်ဘညို အခန်းထဲဝင်လာ ခဲ့သည်။အမြဲလို သပ်ရပ်သန့်ရှင်းစွာနေတတ်သူတယောက်က အဝတ်အစားဖိုသီဖတ်သီ၊ ဆံပင်ဖရိုဖရဲ၊ နီကြောင်ရီ ဝေနေသည့် မျက်လုံးတွေနှင့်ရုံးကိုရောက်လာခြင်းက ထူးဆန်းနေသော်လည်း ဦးအောင်ဘညိုဘာကိုမှဂ ရုမစိုက်ချင်တော့ပါ။ လက်ဆွဲ အိတ်ကို ကုလားထိုင်ဘေးမှာ ပစ်ချလိုက်ပြီး ခုံပေါ်မှာ အရုပ်ကြိုးပြတ်ထိုင်ချလိုက်ပြီး စားပွဲပေါ်က တယ်လီဖုန်းနှင့် စာရွက်စာတမ်းတွေ ကို အဓိပ္ပါယ်မဲ့စွာ ငေးစိုက်ကြည့်နေမိသည်။
ထိုအရာတွေက သူနှင့် ဘာမှ မဆိုင်သလို စိတ်ထဲမှာခံစားနေရသည်။ လေအေးစက်မြည်သံ သဲ့သဲ့ မှအပအခြားအသံတို့ တိတ်ဆိတ်နေသော အခန်းထဲတွင် ဦးအောင်ဘညို ကိုယ့်အသက်ရှုသံ ကိုယ်ပြန်ကြားနေ ရသည်။စားပွဲပေါ်တွင် အလုပ်လုပ်စရာတွေ မြင်နေရသော်လည်း ဘာဘယ်လိုလုပ်ရမှန်း မသိနိုင်အောင်ဖြစ်နေသည်။
လုပ်လဲ မလုပ်ချင်။ ကိုယ်နှင့် မသက်ဆိုင်သည့် အရာတွေလို ဦးအောင်ဘညို စိတ်ထဲမှာခံစားနေရသည်။ မနေ့ တုန်းက ဖူးဖူး နှင့် စကားတွေပြောပြီးသည့် နောက်ပိုင်း လူအများ နှင့်ခြားနားသည့် ကမ ္ဘာ တခုထဲ ရောက်သွားသလိုဖြစ်နေသည်။ အိမ်က လူတွေကြားမှာ သူသည် မဝင်ဆံ့တော့သလို တသီးတခြားဖြစ်နေ သည်။ သူတို့ဖာသာသူတို့ ပြောကြသည်၊
ဆိုကြသည်၊ ရယ်ကြမောကြသည်။ ဒါတွေအားလုံးက ဦးအောင် ဘညို နှင့် မပတ်သက်သလိုဖြစ်နေပါသည်။ အခုလည်းဒီရုံးခန်းထဲမှာ တယောက်ထဲရှိနေသည့် တိုင် အောင်မနေချင်ပါ။ အိမ်ထဲမှာ မနေချင် အလုပ်ထဲမှာမနေချင်၍ ဘယ်မှာ နေချင်မှန်းလည်း ဦးအောင်ဘညို မသိပါ။
ဘေးမှာ လူတွေရှိနေပါလျှက်နှင့် အထီးကျန်စွာနေရခြင်း ကို ဦးအောင်ဘ ညို ဆက်၍သည်းမခံ နိုင်တော့ ချိန်တွင် အိမ်မှာ အခန်းအောင်းပြီးနေမိသည်။ အရင်ရက်တွေက ဖူးဖူး က ဦးအောင် ဘညို ကိုရှောင်ဖယ် ဖယ် လုပ်တာခံရပြီး ခုကျတော့ ဦးအောင်ဘညိုက ဖူးဖူး ကိုပြန်ပြီး မျက်နှာချင်း ဆိုင်ဖို့မဝံ့ အောင်ဖြစ်ေ န ရသည်။
အိပ်ချိန်ရောက်တော့လည်း အိပ်မပျော်၊ အိပ်ချင်စိတ်လည်း မရှိ။ မိမိ အကြောင်းတွေဖူးဖူး သိနေသည် ဆိုသည့် စိတ်ဖြင့် ထိုင်လိုက်၊ ထလိုက်၊ လမ်း လျှောက်လိုက်ဖြင့်မနေ့က တညတာကို ပင်ပန်းကြီးစွာ ကျော်ဖြတ် ရသည်။အရင်ကဆိုလျှင် အိပ်မပျော်လေတိုင်း မိုးမြန်မြန်လင်းဖို့မျှော်လင့်နေတတ်သည်။ ညက တော့ မိုးလင်းမှာကို ကြောက်နေမိပြန်သည်။ မိုးလင်းလာလျှင် အိမ်ကလူတွေ နှင့် မျက်နှာချင်းဆိုင်ရဦးမည်။ အလုပ်ကိုလာရဦး မည်။ အားလုံးမလုပ်ချင်တော့သည့် အရာတွေဖြစ်နေ၏။
ရောင်နီပျိုးပြီး မကြာခင်လောက်ကထဲက ဦးအောင်ဘညို ခြံထဲဆင်းထိုင်နေမိသည်။ နံရံတွေ နှင့် နီးသည့် အိပ်ခန်းထဲမှာ နေသည်ထက်စာလျှင် ခြံထဲမှာက အသက်ဝအောင်ရှုလို့ရမည်ဟု ဦးအောင်ဘညို ထင် သည်။ဦးလေး စိုးနိုးလာချိန်တွင် ခြံထဲမှာ ရှိနေသည့် ဦးအောင်ဘညိုကိုမြင်ပြီး အံ့သြသွားသည်။
“ဟာ .. ဆရာ အစောကြီးပါလား”
“ဟုတ်ကဲ့ မအိပ်ချင်တော့တာနဲ့ ခြံထဲဆင်းလာတာ”
အနီးအနားတွင် ဟိုလုပ်ဒီလုပ် လုပ်နေသည့် ဦးလေးစိုးနှင့် အလ္လာပ သလ္လာပ ပြောနေရမှာ စိုး၍ ထိုင်ရာမှ ထပြီး တဖက်ခြံသို့ ကူးလာခဲ့သည်။ ခြံနှစ်ခု ကြားက သံတံခါးလေးကို တွန်းဖွင့် လိုက်ပြီး ကျောက်စီလမ်းလေး အတိုင်း လျှောက်လာစဉ် မသူဇာ၏ တရားဆောင်က ငြိမ်သက်တိတ်ဆိတ်နေသည်။ တံခါးမှာ ကြီးမားသည့်သော့ခလောက်တခုခတ်ထားသည်။ ဒီနေရာ၏ ပိုင်ရှင်မ သည်လည်း အရာအားလုံးကို သော့ခတ်ထားလိုက်လေပြီ။
စိတ်ရှုပ်ရှုပ်ဖြင့် သော့ခလောက်ကို လက်နှင့် ကိုင်လှုပ်လိုက်ရာ သံတံခါးပါလှုပ်ပြီး တဂျမ်းဂျမ်း အသံတွေမြည် လာ၏။ ဦးလေးစိုး ပြေးလာမှာစိုး၍ ဆက်မလှုပ်တော့ဘဲ ထွက်လာပြီး ကျောက်စီပတ်လမ်းလေး အတိုင်း တ ပတ် ပြီး တပတ်လျှောက်နေမိပြန်သည်။ ဦးအောင်ဘညို လုံးဝပြန်မကြည့်ခဲ့သော်လည်း ဦးလေးစိုး နှင့် မောင် ထွေးက ဆက်ပြီးစောင့်ရှောက်ထားဟန်ရှိသည် မသူဇာ ရှိစဉ်က အတိုင်းသန့်ရှင်းသပ်ရပ်နေ၏။
ဒီဖက်အခြမ်းကနေရပ်ပြီး အိမ်ဖက်ကို မျှော်ကြည့်လိုက်သည်။ ခြံထဲက ဦးလေးစိုးနှင့် မောင်ထွေးမှ အပ ကျန် နေရာအားလုံးငြိမ်သက်နေသည်။ ဒေါ်ဒေါ်ကြည် နှင့် အိမ်ဖေါ်မိန်းကလေး တွေကတော့မီးဖိုထဲမှာ အလုပ်ရှုပ် နေကြပေလိမ့်မည်။ ဖူးဖူး၊ ဖိုးသားနှင့် သားငယ်လေး တို့ကတော့ အိပ်မောကျဆဲပဲ ရှိပါလိမ့်ဦးမည်။ ဖခင်ဖြစ် သူ၏ အတွင်းရေး ကိစ္စတွေကို ထုတ်ပြောပြလိုက်ပြီးနောက် ဖူးဖူးရော အိပ်လို့ပျော်ပါရဲ့လားဟု ဦးအောင်ဘ ညို သိချင်နေမိသည်။
မသူဇာ၏ တရားဆောင် အဝင်က လှေခါးထစ်မှာ စိတ်ပျက်လက်ပျက်ထိုင်ပြီး ရှေ့ဆက်ဘယ်လို စခန်းသွား ရမည် ကို တွေးနေမိသည်။ ဖူးဖူး ကတော့ အဖေကို အချစ်မပျက်ပါ ဆိုသော်လည်း ဦးအောင်ဘညို မျက်နှာ ပူ သည်။ ငယ်ရွယ်သူ သမီးက အသိကြွယ်ပြီး သမီးတာဝန်ကျေရှာသော်လည်း စိတ်စေရာလိုက်ခဲ့မိသည့် အဖေ တယောက် အနေနှင့် လိပ်ပြာမလုံတာဆန်းတော့ မဆန်းပါ။ ဖြစ်ချင်တော့ ဦးအောင်ဘညို ပတ်သက်ခဲ့မိသမျှမိန်းမတွေကလည်း မသူဇာ၏ညီမ၊ ဖူးဖူး ၏ အဒေါ် ဦးအောင်ဘညို ၏ ခယ်မတွေဖြစ်နေပြန်သည်။ မိတ်ဆွေအပေါင်းအသင်းတွေသာသိပါက လိုက်ပွဲမှန်သမျှ အကုန်ကြိတ်ချင်သူဟုများ အမည်နာမ တပ်ကြလေ မလားဟု တွေးရင်း ဦးအောင်ဘညို မချိပြုံးပြုံးမိပါသည်။
“လေးလေး”
“အင်”
အနားကိုခင်မောင်တင့် ရောက်နေသည်ကို ပင်မသိလိုက်ပါ။
“ဒီနေ့ ဒဂုံဆိုက် သွားမယ်ဆို၊ ဘယ်အချိန်သွားမှာလဲ လေးလေး”
“မသွားတော့ ဘူးကွာ၊ ငါနေလို့ သိပ်မကောင်းဘူး”
“ဟုတ်ကဲ့၊ ဟုတ်ကဲ့”
ဦးအောင်ဘညို၏ မသာမယာမျက်နှာ ကြောင့်ခင်မောင်တင့် ခပ်မြန်မြန်ပြန်ထွက်သွားသည်။ ဒဂုံကိုဘာ အတွက်သွားမှာလဲ ဆိုတာပြန်စဉ်းစားကြည့်သည်။ စဉ်းစားလို့မရ။
“မရလဲ မစဉ်းစားဘူးကွာ”
ကုလားထိုင်နောက်မှီပေါ်ကို ဆောင့်ကြီးအောင့်ကြီးမှီချလိုက်ရင်း ဦးအောင်ဘညို ရေရွတ်လိုက်မိသည်။ ဘာမှ မစဉ်းစားချင်။ ဘာမှလည်းမလုပ်ချင်။ ဖြစ်နိုင်လျှင် မသူဇာလို အားလုံးကိုထားပြီး ဝေးရာထွက်သွားလိုက် ချင်သည်။ ဒါမှ မဟုတ်လည်း သိင်္ဂ ီ့လို လောကကြီးထဲက အပြီးအပိုင်ထွက်သွားလိုက်ချင်သည်။ သို့သော် လည်း ကလေးတွေ မျက်နှာပြေးမြင်လိုက်လျှင် သက်ပြင်းကိုသာချမိ၏။ အမေ ဖြစ်သူက လုပ်ချင်ရာလုပ်သွား သည့်နောက်တွင် အဖေကပါ သူတို့လေးတွေကို ထပ်ပြီးဒုက္ခ ပေးဖို့ မသင့်တော့။
ဖူးဖူး သနားဖို့ အရမ်းကောင်းသည်။ မောင်ငယ်တွေတာဝန်၊ အိမ်၏တာဝန် တွေယူထားရသေးသည့် အပြင် အဖေဖြစ်သူ၏ မတော်တရော်လုပ်ခဲ့သမျှ လျှို့ဝှက်ချက်တွေကိုပါ ရင်မှာပိုက်ထားရသေးသည်။ ဒါတောင်မှ ဖူးဖူး က အဖေကို အချစ်မပျက်ခဲ့၊ အထင်မသေးရက်ခဲ့ပါ။ ဖူးဖူး ဒီလိုနားလည်သိတတ်ခြင်းက ဦးအောင်ဘ ညို၏ လည်ဂုတ်ပေါ်သို့ ဒါးသွားထက်ထက် တချောင်းလာတင်ထားတာခံရသလို စိတ်ကို မလွတ်မလပ်ဖြစ် စေသည်။
အသေအချာ တွေးကြည့်လျှင် မသူဇာ၏ တာဝန်လည်းမကင်းဟုဆိုနိုင်သည်။ မသူဇာသာ ဇနီးတယောက်၏ တာဝန်ကျေပွန်စွာ ရှိနေခဲ့လျှင်၊ အိမ်ထောင်ရှင်မတယောက် မိခင်တယောက်အနေဖြင့် မိသားစု နှင့် အတူ ဥမ ကွဲသိုက်မပျက် နေနေခဲ့လျှင် ဒီလို အကျိုးဆက်ရိုတ်ခတ်မှုတွေကြုံရမည် မဟုတ်။ မအပ်မရာနှိုင်းရလျှင်ဘုရား လက်ထက်တော်ကနာမည် ကျော် ဝိသာခါ ကျောင်းအမကြီးသည် အိမ်ထောင်ကိုလည်း အုပ်စီးဆုံးမ နိုင်သ လို ဘာသာရေးဖက်တွင်လည်း ထွန်းပေါက်အောင်မြင်ခဲ့သည်။ သူတော်စင်သူတော်ကောင်း ဖြစ်ချင်လွန်းလှ သော မသူဇာ ဒါမျိုးကို နမူနာယူဖို့ တွေးမှတွေးမိခဲ့ပါလေစ ဟု ဦးအောင်ဘညို မချင့်မရဲဖြစ်မိသည်။
ဖြစ်ခဲ့သမျှ အားလုံးကို မသူဇာပေါ်သို့ ပုံချလိုခြင်းဦးအောင်ဘညို မှာမရှိပါ။ မိမိလည်းမှားခဲ့သည်။ အပျော်သ ဘော စိတ်၏ထွက်ပေါက်တခုအနေဖြင့် အရက်တွေ သာသောက်နေခဲ့ခြင်းကမှားပြီးရင်း မှားဖို့ဖြစ်ခဲ့သည်။ဟိုတနှစ်ဆီက သင်္ကြန်မှာ မူးမနေခဲ့ဘူးဆိုပါလျှင် အပေါင်းအသင်းတွေ ဘယ်လောက်ပင်ဝိုင်းတွန်းကြစေဦး တော့ ကျော်ကျော့် နောက်ကိုလိုက်မိမှာ မဟုတ်။
ဦးမြင့်မောင် နှင့်လည်း အလောင်းအစားဖြစ်ခဲ့မှာ မဟုတ်ပါ။သိင်္ဂ ီနှင့်ကျပြန်တော့လည်း မူးမူးရူးရူး နှင့် သိင်္ဂ ီလားသူဇာ လားမခွဲခြားနိုင်တော့ဘဲ လွန်ကျူးခဲ့မိသည်။ ထို့ကြောင့် ဖြစ်လာသမျှတွင် မိမိ၏ အပြစ်တွေလည်းပါသည်ဟု ဦးအောင်ဘညို လက်ခံပါသည်။ ယခုအချိန် မှာတော့ ဒါတွေပြန်ပြင်ချင်လို့ မရတော့ပါ။ အားလုံးက ကျော်လွန်ပြီးဆုံးသွားခဲ့လေပြီ။
စားပွဲပေါ်ကဖုန်းမြည်သံက ဦးအောင်ဘညို ကိုလှုပ်နှိုးလိုက်သည်။ သို့သော်လည်း ကောက်မကိုင်မိဘဲ ဆက် ကာဆက်ကာ မြည်နေသောဖုန်းကို ကြောင်ငေးကြည့်နေမိ၏။ လေးငါးချက်မြည်ပြီး အသံရပ်သွားသည်။ ဟိုဖက်ကချလိုက်သည်လား အေးအေး အပြင်လိုင်းခွဲကနေ ကိုင်လိုက်သလား စဉ်းစားနေစဉ် ခင်မောင်တင့် ဝင် လာပြီး
“လေးလေး … ကိုကျော်မင်း ဆက်တာ”
“အော် ..အေး”
ဖုန်းကိုကောက်မလိုက်ပြီးမှ
“ငါဖုန်းပြောပြီးသွားရင် မင်းရော အေးအေး ရော နှစ်ယောက်လုံးလာခဲ့ကြဦး”
“ဟုတ်ကဲ့ လေးလေး”
ခင်မောင်တင့် ထွက်သွားပြီးနောက် ကျော်မင်းနှင့် ပြောသည်။ အဆောက်အဦးတခု သတ်မှတ်ရက်ထက် စော ပြီး ပြီးသွားသည့် ကိစ္စ ကျော်မင်းလှမ်းပြောခြင်းဖြစ်၏။
“ကောင်းတာပေါ့ကွာ၊ လေဘာစရိတ် ကျသွားတာပေါ့”
“လက်စသိမ်း နည်းနည်းပါးပါး တော့ကျန်သေးတယ် အကို”
“ချက်ချင်း ကြီးတော့ မအပ်လိုက် နဲ့ကွာ၊ အရမ်းစောနေရင်လည်း ဖြတ်ကတတ်ဆန်းလုပ်သလိုဖြစ်သွားမယ်”
“ဟုတ်ကဲ့၊ ဟုတ်ကဲ့”
“နေဦးကွ၊ ဒီ့ ထက်အရေးကြီးတာရှိတယ်၊ ငါ ဘာလုပ်ရင်ကောင်းမလဲ စဉ်းစားနေတာ မင်းဖုန်းလာလိုက်တော့ အဆင်ပြေသွားတယ်”
“ဘာလဲ အကို”
“ခင်မောင်တင့် တက်လာလိမ့်မယ်၊ မင်းအလုပ်တွေ သူ့ကိုလွှဲပေးပြီး မင်းဒီကို ပြန်လာတော့”
“ဟာ … ဘာဖြစ်လို့လဲ အကို”
“လာတော့ ပြောမယ်ကွာ၊ ခင်မောင်တင့် ရောက်တာနဲ့ မင်းဆင်းလာခဲ့တော့၊ မင်းဆီက ကောင်တွေက လည်း သူနဲ့ ရင်းပြီးသားတွေပဲ၊ သူဆက်လုပ်နိုင်မှာပါ၊ မင်း အရင်လာခဲ့၊ မင်းမိသားစု ပြောင်းဖို့ ကိစ္စ တွေ ခင်မောင်တင့် စီစဉ်ပေးလိမ့်မယ်၊ အရေးကြီးတာက မင်း ဒီကို မြန်မြန်ရောက်ဖို့ ပဲ၊ ဒီမှာ ငါစိတ်တော်တော် ကုန်နေပြီ၊ မင်းပဲ လာလုပ်တော့”
နာနာကျင်ကျင် ပြောလိုက်သည့် အသံကို ဖုန်းထဲကတောင်မှ ကျော်မင်းရိပ်မိသွားသည်ထင်သည်။ တခြား ထပ်မမေးတော့ဘဲ
“ခင်မောင်တင့် ဘယ်တော့ရောက်မလဲ အကို”
“ငါအမြန်ဆုံး လွှတ်လိုက်မယ်၊ မင်းကသူနဲ့ လွှဲလို့ရအောင်အသင့်ပြင်ထားလိုက်”
“ဟုတ်ကဲ့ အကို”
ကျော်မင်း နှင့် ပြောပြီးသည် နှင့် ခင်မောင်တင့် တို့လင်မယားကို အခန်းထဲခေါ်လိုက်သည်။
“ခင်မောင်တင့် မင်း နေပြည်တော်သွား နိုင်မလား”
“သွားနိုင်ပါတယ် လေးလေး၊ ဘယ်တော့သွားရမှာလဲ”
ခင်မောင်တင့် က လူကိုယ်တိုင်သွားမှ ဖြစ်မည့် အရေးတကြီးကိစ္စဖြင့် လွှတ်သည်ဟုထင်နေပုံရသည်။
“ခုချက်ချင်း သွားနိုင်ရင်သွား၊ မင်းဟိုမှာ သွားနေရမှာနော်”
“ဗျာ”
“ရှင်”
ကာယကံရှင်ခင်မောင်တင့်သာမက အေးအေးပါလန့် သွားသည်။
“မလန့်ပါနဲ့၊ ငါကမင်းတယောက်ထဲ မလွှတ်ပါဘူး။ အေးအေးကို ပါထည့်လိုက်မှာပါ”
“ဒါဆို ဒီမှာ လေးလေး တယောက်ထဲ ……”
“ကျော်မင်း ပြန်လာမယ်၊ မင်းက သူနဲ့ လူသွားလဲရမှာ”
ခင်မောင်တင့် ဝမ်းသာရမလို အံ့သြရမလိုဖြစ်နေပုံရသည်။ ဒီလုပ်ငန်းမှာ ကျော်မင်းက ဒုတိယနေရာမှာ ရှိတာ ကို လူတိုင်းသိကြသည်။ ကျော်မင်း နေရာကိုသွားယူပါ ဆိုခြင်းက သူ၏အဆင့်အတန်းကို အများကြီးမြှင့်တင် ပေးလိုက်ခြင်း ဖြစ်ကြောင်း ခင်မောင်တင့်လည်း သိပါလိမ့်မည်။
“ငါ နားချင်လို့၊ ကျော်မင်း ဒီမှာပြန်လုပ်လိမ့်မယ်၊ မင်းအရင်သွားပြီး သူ့ အလုပ်တွေလွှဲယူ၊ အေးအေးကတော့ ကျော်မင်း ဘယ်သူ့ကို ပြန်ခေါ်မလဲ မသိဘူး၊ သူခေါ်တဲ့သူနဲ့ တလလောက် အရှိန်ရအောင်တွဲ နေပေးပြီး တော့မှ ဟိုက ပို့စ် တခုခု ပြောင်းယူ ပြီးလိုက်နေလိုက်ပေါ့၊ ဖြစ်မလား”
ခင်မောင်တင့် တို့လင်မယား တိုင်ပင်သည့် သဘောဖြင့်တယောက်မျက်နှာ တယောက်ကြည့်လိုက်ကြသည်။
“စဉ်းစားချင်သေးလို့လား”
“မဟုတ်ပါဘူး လေးလေး၊ ကျွန်တော်သွားပါ့မယ်”
“အေး ဒါဆိုပြီးရော၊ မင်း အခုအိမ်ပြန်ပြီးသွားဖို့ ပြင်တော့”
ယောင်လည်လည် ထွက်သွားကြသည့် လင်မယားကို ကြည့်ပြီးဦးအောင်ဘညို သက်ပြင်းချလိုက်မိသည်။ ခင်မောင်တင့်ကို လစာတော့တိုးပေးရပေမည်။ ကျော်မင်းလာမှပဲ ဒီကိစ္စညှိလုပ်လိုက်တော့မည်။ လောလော ဆယ် ဦးအောင်ဘညို ခေါင်းမစားချင်ပါ။ ဦးအောင်ဘညို ထံတွင် ကျော်မင်း နေရာပို့လို့ရသည့် အရည်အချင်း ပြည့် အတွေ့ အကြုံရင့် စီနီယာမန်နေဂျာတွေရှိပါသည်။ သို့သော် ကျော်မင်း က ဦးအောင်ဘညို၏ လူလို့ဆိုနိုင်သည်။ ကုမ္ပဏီ မှာ မသူဇာ နှင့် သိင်္ဂ ီတို့၏ အရင်းအနှီးတွေကလည်း ရှိနေသေးရာ ပြောစရာ မဖြစ်ရအောင် မသူဇာ၏ တူတော်သော ခင်မောင်တင့်ကို ဆွဲတင်လိုက်ခြင်းဖြစ်သည်။ ခင်မောင်တင့် က ပျော်တတ် သော်လည်း ရိုးသားပြီးသစ္စာ ရှိသည့် အတွက် သူနှင့် ကျော်မင်း နှစ်ယောက်ဆိုလျှင် ဦးအောင်ဘညို အေး အေး ဆေးဆေး နေနိုင်မည်ဟု စိတ်ထဲလည်းကျေနပ်သွားသည်။
ဘာမှမလုပ်ချင်လောက်အောင် လူက အရာရာကို အရှုံးပေးချင်စိတ်ပေါက် နေချိန်ဝယ် ကျော်မင်းက ဖုန်း ဆက်သည်။ ဒါကို ခင်မောင်တင့်က လာပြော၏။ ထိုအချိန်ပိုင်းလေးအတွင်းမှာပင် ခေါင်းထဲရုတ်ချည်းဝင် လာ သည့် အကြံအစည် တခုကို ဦးအောင်ဘညို အချိန်မဆိုင်းဘဲ အကောင်အထည် ဖေါ်လိုက်ခြင်းဖြစ်သည်။
ဦးအောင်ဘညို ထိုင်ခုံကို ပြန်မှီချလိုက်သည်။မျက်စိနှစ်လုံးကို မှိတ်ထားပြီး ခုနက လုပ်လိုက်သည့် ကိစ္စ ကိုတခေါက် ပြန်တွေးနေမိသည်။ ဖုန်းလာသည်။ ကျော်မင်းဖုန်း မှန်းဦးအောင်ဘညို သိလည်းမသိ ဖုန်း ကိုင် ချင် စိတ်လည်းမရှိ၍ ထိုင်ကြည့်နေစဉ် ခင်မောင် တင့်က ကျော်မင်း ဖုန်းဆက်သည်ဟုပြော၏။ ထိုအချိန်တွင် ဦးအောင်ဘညို မျက်စိထဲတွင်ခင်မောင်တင့်ကို မြင်သည်။ သူပြောလိုက်သည့် ကျော်မင်းဟုသော အသံကိုကြားသည်။ အမြင် နှင့် အကြား တပြိုင်နက်ထဲ ဖြစ်ချိန်တွင် ဦးအောင်ဘညို အဖြေတခုရလိုက်သည်။
စီးပွားရေးလောကတွင် လျှပ်တပြက် ဆုံးဖြတ်မှုတွေ ဦးအောင်ဘညို အကြိမ်ကြိမ်လုပ်ဖူး၏။ အများစုမှာ မှန် ကန်ခဲ့သည်။ ဘာကြောင့် အဖြေရသည်ဆိုတာကို တခါမှစဉ်းစားမကြည့်ဖူးပေ။ မသူဇာ ဆိုလျှင်တော့ မြင်တာကြားတာ သိတာတွေကို ရုပ် တွေ နာမ် တွေဟုဆိုလေမလား တွေးမိသည်။ ဦးအောင် ဘညို အတွက် မသူဇာ တရားနှင့်ပတ်သက်သည့် စာအုပ်တွေ အများကြီးဝယ်ပေးခဲ့ဖူးသည်။ ဦးအောင်ဘ ညို တခါ နှစ်ခါ လှန်ကြည့်ရုံမှအပ သေသေချာချာ ဖတ်မကြည့်ဖူးပါ။ မသူဇာလည်း ကြာတော့ မော သွားသည် ထင် သည်။ဝယ်လဲမပေးတော့ ဖတ်လည်းမခိုင်းတော့။ မသူဇာ အိမ်က အပြီးထွက်သွားချိန်တွင် သူ့ကိုပေး ထားသမျှ တရားစာအုပ်တွေ အကုန် သူမ၏ တရားဆောင်ရှိ ဘုရားစင်ရှေ့မှာ ဦးအောင် ဘညိုသွားပုံ ထား လိုက်သည်။
မသူဇာ နှင့် တရားကိစ္စ တွေကို ခေါင်းထဲကဖယ်လိုက်ပြီး ဖြစ်ခဲ့သမျှ ကို ဦးအောင်ဘညိုပြန်တွေး၏။ လွယ် လွယ်ပြောရရင် သူမှားခဲ့၏။ သို့သော်ထိုအရာတွေက ပြီးခဲ့ပြီ။မသူဇာ လည်းသူ့လမ်းသူသွားပြီ။ သိင်္ဂ ီလည်း လူ့လောကမှာ မရှိတော့။ ကျော်ကျော် ကလည်း ဦးအောင် ဘညို ကိုရှောင်ခွာထွက်သွားခဲ့ပြီ။ လွယ်လွယ် တွေးစတမ်းဆိုပါလျှင် နောက်မမှားအောင်လုပ်ဖို့ နေဖို့သာ ရှိ တော့သည်ဟု မှတ်ချက်ချပြီး ဒီတိုင်းထား လိုက်ဖို့သာရှိသည်။ အဆိုပါအကြောင်းချင်းရာ တချို့တလေ ကို သိသူမှာလည်း ဖူးဖူး တယောက် သာ ရှိသည်။ ဖူးဖူး က ဘယ်သူ့ကိုမှ ပြောမှာမဟုတ်သည့် အပြင်အဖေကို လည်း အချစ်မပျက်ဟု လည်းဆို၏။ ဘာမှစိုးရိမ်ပူပန် စရာ မရှိသော အခြေအနေ လို့တောင်ဆိုနိုင်၏။ ထို အခြေအနေ ကို အလိုက်သင့် လက်ခံလိုက်ရုံနှင့် အားလုံးပြီးနေသည် ကို ဦးအောင်ဘညို ဘာကြောင့် မကျေမနပ်ဖြစ် နေပါသနည်း။ ရှုပ်ပွနေသည့် ဆံပင်တွေ ပိုပြီးရှုပ်ပွသွားအောင် ခေါင်းကိုအားပါးတရ ကုပ်လိုက်မိ သည်။
“လေးလေး”
“ဟေ”
“ကိုခင်မောင်တင့် ပြန်သွားပြီ၊ ကားဂိတ်မဆင်းခင် လေးလေး မှာစရာရှိတာမှာရအောင် ရုံးကို ပြန်ဝင်လာခဲ့ လို့ မှာလိုက်တယ်”
ခင်မောင်တင့် လာလျှင်ဘာမှာရမည်နည်း။ ဦးအောင်ဘညို မှာ မှာစရာဘာမှမရှိပါ။ သို့သော်
“အင်း အင်း ပြီးရော”
“ကိုခင်မောင်တင့်ကပြောနေတယ်၊ လေးလေး က မမကြီးကို အားကျပြီး ဘုန်းကြီးဝတ်တော့မယ် ထင် တယ်တဲ့”
ဦးအောင်ဘညို ဒီလိုလုပ်ရသည့် ရည်ရွယ်ချက်ကို အေးအေး မိန်းမသားပီပီ မသိမသာလာစပ်စုခြင်းဟု နား လည်လိုက်မိသည်။
“ငါဘုန်းကြီးဝတ်တော့ အိမ်မှာကလေးတွေ ဘယ်သူကြည့်မလဲ”
“ဟုတ်သားပဲနော်”
“မဟုတ်တာတွေ လျှောက်တွေးမနေနဲ့ ခင်မောင်တင့်လစာတိုးရင် နင်ဘာဝယ်ရမလဲ ဘာသုံးရမလဲ ဆိုတာသာခုထဲကစဉ်းစားနေ ဟုတ်လား”
ဒီသတင်းက အေးအေးအတွက် ဦးအောင်ဘညို ကျော်မင်းကို ဘာကြောင့်ပြန်ခေါ်၍ ခင်မောင်တင့်ကို ဘာ ကြောင့် နေပြည်တော် ပို့သည် ဆိုသည့်သတင်းထက် ပိုပြီးအရေးကြီးပါသည်။ ပြုံးပျော်ပြီး အခန်းထဲ က ထွက်သွားသော အေးအေး ကိုကြည့်ရင်း ဦးအောင်ဘညို လည်းပြုံးလိုက်မိသည်။ မပြုံးနိုင်တော့ဟု ထင်ထား ရာမှ ပြုံးလိုက်မိသည့် ကိုယ့်အပြုံးကိုယ်ပြန်ပြီး အံ့သြနေမိ၏။ တဖန် ဒါကိုပြန်ပြီး သတိထားနေမိသည့် စိတ် ကိုလည်း ထူးဆန်းနေမိပြန်သည်။
“ငါလည်း အူကြောင်ကြောင်ဖြစ်နေပါပြီ၊ ကိုယ့်အိမ်မှာကိုယ် အေးအေးဆေးဆေး နေနေတာကောင်းမယ် ထင်ပါတယ်”
အလုပ်တွေကို ကျော်မင်း နှင့် ခင်မောင်တင့် ဆက်ထိန်းပေးလျှင် ဦးအောင်ဘညို အေးအေးဆေးဆေး နေ နိုင်မည်ကတော့ အမှန်ဖြစ်သည်။ အိမ်မှာ နေလျှင်ကော အထီးကျန်သလို ခံစားရခြင်းတွေဆက်ဖြစ် နေဦးမှာ လား ဦးအောင်ဘညို မသေချာပါ။ သို့သော် အိမ်မှာ မနေလို့ကလည်း မဖြစ် ခုနက အေးအေး ကိုပြောခဲ့ သလိုပင် ကလေးတွေကို သူတို့ချည်းသာ မထားခဲ့နိုင်ပါ။ ဦးလေးစိုး နှင့် ဒေါ်ဒေါ်ကြည် ကလည်း အသက် ကြီး ကြလေပြီ။ ကလေးတွေအပေါ် မေတ္တာထားကြသည့်သူတွေဖြစ်သော်လည်း အသက်ကြီးကြပြီ ဖြစ်ရာ စိတ်သွားတိုင်း ကိုယ်မပါနိုင်ကြ တော့။ ခုတိုင်းဆိုလျှင် အိမ်မှာပဲ နေသည့်တိုင် အိမ်သားတွေနှင့် အရင် လိုပျော်ရွှင်ပေါ့ပါးစွာ မနေနိုင်သေးပါ က အခန်းအောင်း နေဖို့သာရှိပြန်သည်။
ပုံမှန် အတိုင်း အလုပ်လာအိမ်ပြန် အရင်လိုသာနေရန်ကလည်း ကျော်မင်းကို ပြောပြီးပြီ။ ခင်မောင်တင့်ကို လည်း ပြောပြီးလေပြီ။ ပြန်ဆုတ်လို့မရတော့။ လူကြီးတယောက် အနေဖြင့်စကားတည်ရတော့မည်။ ဖောင် ဖျက်ပြီးမှ ပြန်ဖွဲ့လို့ မဖြစ်တော့ပါ။ ဦး အောင်ဘညို ကိုယ်တိုင်ကလည်း အလုပ်မလုပ်ချင်တော့ လောက် အောင် ငြီးငွေ့နေပါသည်။
“ရှုပ်တယ်ကွာ၊ အိမ်ပြန်မယ် ဖြစ်ချင်တာဖြစ်၊ နောက်မှ ကြည့်ရှင်းတော့မယ်”
ဘေးမှာချထားသည့် အိတ်ကို ကောက်ဆွဲပြီး အခန်းထဲကထွက်လာခဲ့မိသည်။ ဘယ်အချိန်မှာ ပြန်လာလုပ် ဖြစ်မည် မကျိန်းသေသည့် ရုံးခန်းနှင့် စားပွဲကို လှည့်ပင်မကြည့်မိတော့။
“လေးလေး ဘယ်သွားမလို့လဲ”
“ငါ အိမ်ပြန်တော့မယ်”
“ဟုတ်ကဲ့၊ လေးလေး ကိုကြည့်ရတာ လည်း နေမကောင်းသလိုပဲ၊ ကိုခင်မောင်တင့်ကို ဘာပြောလိုက်ရ မလဲ လေးလေး”
“ကျော်မင်း ဆီက သေသေချာချာ လွှဲယူဖို့ပဲပြောလိုက်၊ ဖုန်းတွေဘာတွေလာရင်လည်း ငါနေမကောင်းလို့ပြန်သွားတယ်ပဲပြောလိုက်၊ ကျော်မင်းလဲ မနက်ဖြန်သဘက်ခါ ဆိုရောက်မှာပဲ၊ ဒီကြားထဲ တော်ရုံကိစ္စ ဆိုရင် မန် နေဂျာတွေ သူတို့ဖာသာလုပ်ပစေ”
“ဟုတ်ကဲ့ လေးလေး”
ရုံးထဲက ထွက်လာချိန်တွင် စိတ်ထဲမှာ နည်းနည်းပေါ့ပါးသွားသလိုရှိသည်။ ဘာမှမလုပ်၊ ဘာမှမတွေးဘဲ အဆင်ပြေသလို ဒီအတိုင်းနေကြည့်လိုက်ဦးမည် ဟု စဉ်းစားရင်း ဦးအောင်ဘညို ထွက်လာခဲ့၏။ နေ့လည်စာ မစားရသေးသည်ကို သတိရ၍ လမ်းမှာ နေ့လည်စာဝင်စားသည်။ အိမ်မှာပြန်စားလျှင်ရသော်လည်း ခါတိုင်း စားနေကျမဟုတ်၍ ဒေါ်ဒေါ်ကြည် အလုပ်ပိုမှာစိုးသည်။ ထမင်းစားပြီးတော့ လဘက်ရည်ဆိုင်အေးအေး လူလူ ထိုင်လိုက်သေး၏။
ဟိုနားဒီနားကားလျှောက်မောင်းဖို့ စိတ်ကူးလိုက်မိသေးသော်လည်း ညက အိပ်ရေးပျက်ထားသည့် မျက်လုံး တွေက ဗိုက်ပြည့်သွားသည့် အချိန်တွင် မှေးစင်းချင်လာ၍ အိမ်ပဲပြန်ခဲ့ရသည်။
“ညဖက် အိပ်မပျော်လဲ နေ့ဖက်အိပ်မှာပေါ့၊ ငါက လွတ်လပ်သွားပြီပဲ”
ဆင်ဝင်အောက်တွင် ကားထိုးရပ်လိုက်ချိန်တွင် ဦးလေးစိုးနှင့် တိုးသည်။
“ဆရာ စောတယ်နော်၊ ကားသွင်းလိုက်ရမလားဆရာ”
“နေဦး၊ ညမှသွင်းတာပေါ့၊ ဦးလေးစိုးက အခုဘယ်သွားမလို့လဲ”
“ဟိုဖက်မှာလေ မကြည်တို့ ဘုရားပန်းတွေလဲမယ် ဆိုလို့ တံခါးသွားဖွင့်ပေးထားမလို့”
ဦးလေးစိုးက မသူဇာ၏ တရားဆောင်ဖက်ကို လက်ညိုးထိုးပြသည်။
“အဲဒီသော့ တွေကဦးလေးစိုး ဆီမှာလား”
“ကျွန်တော့် ဆီမှာ တစုံ၊ ဖူးဖူး ဆီမှာ တစုံရှိတယ်ဆရာ”
“အော် အင်း အင်း သွားသွား”
ထွက်သွားသည့် ဦးလေးစိုး နောက်ကျောကိုကြည့်ရင်း ဦးအောင်ဘညို လှမ်းပြောလိုက်မိသည်။
“ပြီးရင် တံခါး ပြန်မပိတ်နဲ့ ဦး နော်၊ ကျွန်တော်လာခဲ့ ဦးမယ်”
“ဟုတ်ကဲ့ ဆရာ၊ ကျွန်တော်က ဖိုးသားကိုသွားကြိုရဦးမှာ ဖွင့်ထားခဲ့မယ်လေ၊ ကျွန်တော်ပြန်လာမှ ပိတ် လည်းရပါတယ်”
မွန်းလွဲနေရောင် ထိုးနေသည့် တရားဆောင်၏ ဘုံအဆင့်တွေကို သစ်ပင်တွေကြားမှ လှမ်းမြင်နေရ၏။ ဦးအောင်ဘညို ရပ်နေမိ သောဒီဖက်အိမ်ရှေ့ ဆင်ဝင်အောက်မှ ဆိုလျှင် လှေခါးထစ်တွေ နှင့်တံခါးဝသည် သိပ်မဝေးဟုထင်မိသည်။
“ဟာ ဖေဖေ အစောကြီးပြန်လာတယ်”
အဖြူရောင်မေမြို့ပန်းစည်း ကြီးပိုက်ထားသည့် ဖူးဖူး နှင့် အိမ်ဝမှာဆုံသည်။
“ဖွားကြည်ရေ၊ ဖေဖေ ထမင်းမစားရသေးရင် ပြင်ပေးလိုက်ပါဦး သမီးသွားနှင့် လိုက်မယ်”
“ဖေဖေ စားခဲ့ပြီ သမီး”
ဦးအောင်ဘညို ဖူးဖူး၏ မျက်နှာကို မကြည့်ဘဲဖြေလိုက်ပြီးနောက် အိပ်ခန်းထဲသို့တန်းတက်သွားလိုက်သည်။ လက်ဆွဲအိတ်ကို စားပွဲပေါ်တင်လိုက်ပြီး ကုတင်ပေါ်မှာ ခနထိုင်နေမိ၏။ ပြီးတော့ အိပ်ယာပေါ်လှဲချလိုက်ပြီး နဖူးပေါ်လက်တင်ပြီး ဘာလုပ်ရင်ကောင်းမလဲ စဉ်းစားသည်။ ဖြစ်နိုင်လျှင် တရေးလောက်မှေးလိုက်ချင်သည်။ လမ်းမှာတုန်းက လေးလံနေသည့် မျက်ခွံတွေက အခုကျပြန်တော့ ပေါ့ပါးကြည်လင်နေကြပြန်သည်။ အချိန်တွေပိုနေသလောက် လုပ်စရာဘာတခုမှ မရှိသည်ကို တွေးလိုက်မိသောအခါ စိတ်ပျက်လက်ပျက်နှင့် ပြန်ထလာပြီးနောက်လက်ဆွဲအိတ်ကိုဖွင့်၍ ပိုက် ဆံအိတ်ကို ထုတ်ယူထားလိုက်ပြီး ဘီရိုတံခါးတွေကို လိုက်ဖွင့်ကြည့်မိသည်။ နေရာလွတ်တွေ့သည်နှင့် လက်ဆွဲအိတ်ကို ထိုးထည့်လိုက်၏။ ထိုအချိန်တွင်ဘီရိုအောက်ဆုံးတန်းမှ ခရီးဆောင်အိတ်ကြီး နှစ်ခုက ဦးအောင် ဘညို ၏အာရုံကို ဆွဲယူ လိုက်၏။
ခရီးသွားလျှင်သုံးလေ့ရှိသည့် အိတ်တွေ။ များသောအားဖြင့် နိုင်ငံခြား ခရီးထွက်မှ သုံးလေ့ရှိပါသည်။ အရွယ် ပို ငယ်သည့်အိတ်ကို ဆွဲထုတ်ပြီး ကုတင်ပေါ်ဖွင့်ချလိုက်သည်။ ပြီးတော့ မျက်စိထဲတွေ့သမျှအဝတ်အစား တွေ ပစ်ထည့်သည်။ အပေါ်ဆုံးမှာ မျက်နှာသုတ်ပဝါ တထည်တင်လိုက်ပြီး ဘာလိုသေးလဲဟု စဉ်းစားပြီး ရေချိုးခန်းထဲဝင်ကာ သွားတိုက်ဆေး၊ သွားပွတ်တံ၊ မုတ်ဆိတ်ရိတ်သည့်ဂျုတ် နှင့် အခြားစိတ်ကူးတည့်ရာကို မျက်နှာသုတ်ပဝါ အသေးလေးတခုနှင့် ထုပ်ယူလာပြီး အိတ်ထဲထည့်လိုက်သည်။
“ဒီလောက်ဆိုရင်တော့ရပါပြီ”
ကိုယ့်ဖာသာ အတည်ပြုပြီး အိတ်ကိုပိတ်လိုက်သည်။ အိတ်ဆွဲပြီး ဆင်းလာရာ အိမ်ရှေ့ခန်းတွင်ဘယ်သူမှ မရှိ။ ဖိုးသားကတော့ပြန်မရောက်သေး။ ဖူးဖူး နှင့် ဦးလေးစိုးတို့လင်မယားကတော့ ဟိုဖက်ခြံမှာ ရှိလိမ့်မည် ထင်သည်။ အိမ်ပြင်ရောက်လျှင် လက်ကိုင်ကိုင်း ကို ဆွဲထုတ်လိုက်ပြီး ကျောက်စီလမ်းလေး အတိုင်းအိတ်ကို တရွတ်တိုက်ဆွဲပြီး သူတို့နောက်ကိုလိုက်လာခဲ့၏။ လှေခါးထိပ်မှာ ထိုင်နေသော ဦးလေးစိုးက ခရီးဆောင် အိတ်ကြီး ဆွဲလာသည့် ဦးအောင်ဘညိုကိုမြင်သော အခါမျက်လုံးပြူးသွားသည်။
“ဆရာ၊ ခရီးထွက်မလို့လား”
ဦးလေးစိုး အသံကြောင့် ဘုရားစင်ရှေ့မှာ ကျုံ့ကျုံ့လေးထိုင်ပြီး ဘုရားရှိခိုးနေသော ဖူးဖူးလှည့်ကြည့် ပြီးထလာသည်။ ဒေါ်ဒေါ်ကြည်လဲ အတွင်းခန်းကနေ ထွက်လာ၏။
“ဖေဖေ ကလည်း သမီးကိုတောင် မပြောဘူး”
ဦးအောင်ဘညို ဘာမှပြန်မပြောဘဲ အတွင်းကို လှမ်းဝင်လိုက်သည်။
“ကားနားမှာပဲ ထားခဲ့ရောပေါ့ ဆရာရယ်၊ ကျွန်တော် လိုက်မောင်းပို့ရမှာ မဟုတ်လား”
ဦးလေးစိုးက ကားဂိတ်၊ လေဆိပ် တခုခု ဆီ သူလိုက်ပို့ပေးရမည် ထင်နေသည်။
“မဟုတ်ဘူး၊ ကျွန်တော် ဒီမှာနေမလို့”
“ဗျာ”
အားလုံး အံ့အားသင့်သွားကြသည်။ ဖူးဖူး ကတော့ အနားကိုတိုးကပ်လာပြီး ဦးအောင်ဘညိုကို ဖက်လိုက် သည်။
“ဖေဖေ သမီးကို စိတ်ဆိုးသွားပြီလား”
ဖူးဖူး အသံက တုန်ရီနေ၏။
“မဟုတ်ဘူး သမီး၊ ဖေဖေ တယောက်ထဲအေးအေး ဆေးဆေး နေချင်လို့၊ လာထိုင်ဦး သမီး”
အိတ်ကို ချပြီး ဘုရားစင်ရှေ့မှာ ထိုင်လိုက်ရာ ဦးလေးစိုး နှင့် ဒေါ်ဒေါ်ကြည်လဲ လာထိုင်ကြ၏။ ဖူးဖူး ကတော့ဦးအောင်ဘညို ဘေးမှာကပ်လျှက်ထိုင်ပြီး ပုခုံးကိုမှီထားသည်။ ဦးအောင်ဘညို လက်ကိုလည်း မလွှတ်ဘဲ ကိုင်ထား၏။ဦးအောင်ဘညိုက ရုံးမှာ စီစဉ်ခဲ့သမျှပြောပြသည်။ အလုပ်ကိစ္စတွေအားလုံး ကျော်မင်း နှင့် ခင် မောင်တင့်ကို လွှဲပြီး သူက တော့အိမ်မှာပဲ အေးအေးချမ်းချမ်း နေဖို့ စိတ်ကူးထားကြောင်းကိုပြောလိုက် သော အခါ
“အင်း သူဇာ ထင်ရာလုပ်သွားတဲ့ ဒီအဆောင်က ဆရာနားအေးပါးအေး နေဖို့ အဆင်ပြေသွားတာပေါ့”
ဦးလေးစိုး မှတ်ချက်စကားအဆုံးတွင် ဒေါ်ဒေါ်ကြည်က ထိုင်ရာမှ ထထွက်သွားသည်။
“အင်း …ကောင်မလေး တွေခေါ်ပြီး အထဲမှာ ရှင်းဦးမှပါပဲ”
ဖူးဖူး က ဘာမှမပြောပါ။ ဦးအောင်ဘညို မျက်နှာကိုသာ ကြည့်နေ၏။
“ဘာဖြစ်လို့လဲ သမီး”
“ဘာမှ မဖြစ်ပါဘူး”
“စားတာသောက်တာတော့ ဖေဖေ အိမ်မှာပဲလာစားမှာပါ၊ သမီး အမေလို ချိုင့် ပို့စရာမလိုပါဘူး။ ”
ဖူးဖူး ဘာမှပြန်မပြောဘဲငြိမ်နေသည်။ တခုခုကို စဉ်းစားနေပုံရ၏။ မျက်နှာလေးက တည်တည်လေးဖြစ်နေ သည်။ ဒေါ်ဒေါ်ကြည် နှင့် အိမ်ဖေါ်ကောင်မလေး တယောက်ပြန်လာပြီး အထဲမှာ ပြင်ကြဆင်ကြရှင်းကြ တော့ မှ ထပြီး အခန်းထဲဝင်သွားသည်။ သမီး စိတ်မကောင်း ဖြစ်သွားသလားဟု တွေးလိုက်မိသော်လည်း ခုလိုတယောက်ထဲ ဒီလို နေနေချင်သည်။
အဝေးကြီးသွားတာလဲ မဟုတ်။ မိသားစုနှင့် လက်တကမ်းအကွာမှာဆိုတော့ အားလုံးအတွက်လည်း အဆင်ပြေမည်ဟု တွေးမိသည်။ဦးလေးစိုးက ဖိုးသားကို ကျောင်း ကြိုဖို့ထွက်သွားသောအခါ ဦးအောင်ဘညို တယောက်ထဲကျန်ခဲ့၏။ ဘာလုပ်ရမှန်း မသိ၍ ဘုရားစင်ရှေ့မှာ ချထားသည့် စာအုပ်တွေကို ဟိုလှန်ဒီလှန်လုပ်နေမိသည်။ စာအုပ်တွေတော်တော် များ၏။ ဦးအောင်ဘညို လာထားတာတွေ အပြင် မသူဇာ ကျန်ခဲ့တာတွေလည်း ပါလိမ့်မည်။
လောလောဆယ် စာဖတ်ချင်စိတ်လည်း မရှိ၍ စာအုပ်တွေကို အရွယ်အစားအလိုက် တူတူရာတူရာချင်း သေသေ သပ်သပ်ပြန်စီနေမိသည်။ ဒီတခါတော့ ဦးအောင်ဘညို ဒီစာအုပ်တွေဖတ်ဖြစ်လိမ့်မည် ထင်ပါ သည်။ ဖတ်ကြည့်ဖို့လည်း စိတ်ကူးထားပါ၏။
“ပြီးပြီ ဆရာ ဝင်ကြည့်ပါဦး”
ဖူးဖူး က ဦးအောင်ဘညို အိတ်ကြီးကို ယူလာပေး၏။ မသူဇာမရှိသော်လည်း ဒေါ်ဒေါ်ကြည်က ပုံမှန်သန့်ရှင်း ပေးနေ၍ ဆောက်ထားခါစက အတိုင်းအထဲမှာ သန့်ရှင်းတောက်ပနေဆဲဖြစ်ပါသည်။
“အဝတ် အစားတွေ ဘီရိုထဲ ထည့်ပေးရမလား ဆရာ”
“ရတယ် ဒေါ်ဒေါ်ကြည် ကျွန်တော့်ဖာသာပဲ လုပ်လိုက်မယ်”
ဖူးဖူး က လေအေးစက်ကို အပူချိန် ကိုယ်တိုင်ချိန်ပေးသည်။
“ဖေဖေ တရေးလောက် အိပ်လိုက်နော်၊ ဖေဖေ အိပ်ချင်နေတာ သမီးသိတယ်၊ ညနေကျမှ ထမင်းစားဖို့ သမီးလာခေါ်မယ်၊ ဖေဖေ ဘာဟင်းနဲ့စားမလဲ”
ဖူးဖူး မမြင်အောင် မျက်နှာမဲ့ပြပြီး တဖက်သို့လှည့်သွားသောဒေါ်ဒေါ်ကြည် ကို ကြည့်ပြီးဦးအောင်ဘညို ပြုံး ချင်သလိုလို ဖြစ်ရသည်။
“ဘာဖြစ်ဖြစ်ပေါ့ သမီးရယ်၊ ဖေဖေ ဘယ်တုန်းက ဟင်းဂျီးများလို့လဲ”
“ဒါဆိုလဲ သွားမယ်၊ လာကြ။ ဖေဖေ လဲ အိပ်တော့”
ဖူးဖူးက ရှေ့ဆောင်ပြီး ထွက်ကြသော အခါ သူတို့ကို ဧည့်သည်များပမာ တံခါးဝအထိ လိုက်ပို့ပေးမိ၏။
“ဖိုးသား ပြန်လာရင်လည်း ဒီကို မလာနဲ့လို့ပြောလိုက်မယ်”
“လာပါစေ သမီးရယ်၊ တော်ကြာဖိုးသား စိတ်မကောင်းဖြစ်နေဦးမယ်”
တံခါးပြန် မပိတ်သေးဘဲ အားလုံးထွက်သွားကြသည်ကို ဦးအောင်ဘညို နောက်ကနေငေးကြည့်နေမိသည်။ ပေတစ်ရာ ပင်မဝေးသည့် အရပ်က အိမ်ဆီသို့သွားကြခြင်းဖြစ်သော်လည်း အလွန်ဝေးကွာသည့် နေရာ ဆီ သို့သွားနေကြသလို စိတ်ထဲ မှာခံစားနေရ၏။ ဟိုဖက်ခြံနားရောက်ခါနီးမှ ဖူးဖူး နောက်ကိုပြန် လှည့်ပြီး ဦး အောင်ဘညိုံ ဆီ လျှောက် လာသည်။
“ဘာလဲ သမီး”
“အခုဖေဖေ က ဘယ်မှမသွားတော့ဘဲ ၊ အရက်တွေလည်း မသောက်တော့ဘဲ သမီးတို့နားမှာပဲ နေတော့မှာ ပေါ့နော်”
ဦးအောင်ဘညို ခေါင်းညိတ်ပြလိုက်မိသည်ဟူထင်ပါသည်။ ဖူးဖူး မျက်နှာပေါ်မှာ တောက်ပသည့် အပြုံးတခု ကိုမြင်ရသည်။
“ဝမ်းသာလိုက်တာ ဖေဖေရယ်၊ သူများတွေ ဘယ်လိုပြောပြော သမီးကတော့ ဖေဖေခုလိုပဲ အိမ်မှာအေးအေး ချမ်းချမ်း သမီးတို့နဲ့ နေတာကို ပိုကြိုက်တယ် သိလား”
“သမီးကျေနပ်တယ် ဆိုရင် ဖေဖေလည်း ဝမ်းသာပါတယ်”
“ဖေဖေ့ကို တခုတောင်းပန်စရာရှိတယ်”
“ဘာလဲသမီး”
“ဖေဖေ ကယောင်ကတန်းတွေ ပြောတုန်းက ဖေဖေ့အကြောင်းတွေ သမီးသိလိုက်ရတယ်ဆိုတာ တကယ် တော့ အပေါ်ယံပါ၊ မနေ့က ဖေဖေ့ကိုပြောတယ် ဆိုတာလဲ ဖေဖေ ငြင်းတာကြားချင်လို့၊ မဟုတ်ပါဘူး လို့ ဖေဖေ့ကိုပြောစေချင်တယ်၊ ဒါပေမယ့် ဖေဖေမငြင်းခဲ့ဘူး”
ငြင်းဖို့ ဦးအောင်ဘညို လုံးဝသတိမရခဲ့ပါ။ ဘာမှမပြောနိုင်အောင် ဆွံ့အနေခဲ့မိပါသည်။ အခုလည်းဘာမှ မပြောနိုင်ဘဲ ဖူးဖူးကိုကြောင်ငေးကာကြည့်နေမိသည်။
“ငြင်းစေချင်ခဲ့ပေမယ့် ဖေဖေ မငြင်းတော့ သမီးဖေဖေဟာ မလိမ်မညာတတ်တဲ့ သူပါလားဆိုပြီး သမီးဖေဖေ့ ကို အရင်ထက်ပိုချစ်သွားတယ်၊ အရမ်းလဲ စိတ်မကောင်းဖြစ်သွားတယ်”
“ဘာဖြစ်လို့လည်း သမီးရယ်”
“လေးလေး ကျော်က မသွားခင်ပြောသွားတယ်၊ သမီးအဖေကို နိုင်တာသမီးပဲရှိတယ်တဲ့၊ ဖေဖေက သမီးကို မေမေ နဲ့တူရလား၊ ဟိုမမ နဲ့တူရလားနဲ့ ပြောလို့ စိတ်မကောင်းတာက တရက်နှစ်ရက်ပါ။ နောက်ပိုင်းရက် တွေက တမင်လုပ်နေတာ၊ ဖွားကြည်ကလဲ ဒီလိုလုပ်မှ တန်ခါကျမယ်တဲ့၊ သမီးရှောင်နေလို့ ဖေဖေ စိတ်ဆင်း ရဲမှန်းသိသိ နဲ့ သက်သက်လုပ်နေခဲ့တာ၊
သမီးကို ခွင့်လွှတ်ပါဖေဖေ”
တခါမှ မဆိုးဘူးသည့် သမီးက ဒီလိုဆိုးနွဲ့ပြတာကို ဦးအောင်ဘညို ဘယ်လိုမှ သဘောမထားပါ။
“စိတ်ဆိုးစရာလား သမီးရဲ့၊ သမီးက ဖေဖေ့ကို ချစ်လို့လုပ်တာပဲ”
“အဲဒါကို အခု ဟိုနားရောက်တော့ ဖွားကြည်က ဘာပြောတယ်မှတ်လဲ၊ မူယာမာယာမ တဲ့၊ နင်လျှောက်လုပ် လို့ ဆရာစိတ်ညစ်သွားတာတဲ့၊ သူပဲ အမျိုးမျိုး တတ်နိုင် တယ်၊ မြှောက်ပေး တုန်းက မြှောက်ပေးပြီးတော့”
“ဖေဖေ့သမီးက မာယာ မများဘူးဆိုတာ ဖေဖေသိတာပေါ့”
ရယ်နေသည့် ဖူးဖူးမျက်နှာလေးကို ချမ်းမြေ့စွာကြည့်မိရင်း ပြောလိုက်ရာ ဖူးဖူးက ငြင်ငြင်သာသာ ခေါင်းကိုခါသည်။
“သမီးကို မေမေ နဲ့တူတယ်၊ အဒေါ်တွေနဲ့ တူတယ်လို့ ဖေဖေ ပြောတယ်မဟုတ်လား၊ ဒါကရုပ်ရည်ပဲ။ အဓိကကျတဲ့ တူတာရှိသေးတယ် ဖေဖေသိလား”
“ဟင့်အင်း”
“သူတို့က မိန်းမတွေ၊ သမီးလဲ မိန်းမပဲလေ၊ မိန်းမဆိုတာ မာယာများတယ် ဖေဖေရဲ့ ၊မှတ်ထား”
အပြုံးတဝက်နှင့် လှည့်ထွက်သွားသောဖူးဖူး ကို ဦးအောင်ဘညို ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေပြီးမှသတိဝင်လာပြီး သံတံခါးကြီးကို ဆောင့်ဆွဲပိတ်လိုက်မိသည်။
“ဝုန်း”
ပြီးပါပြီ။
No comments:
Post a Comment